အာဆင်နယ်အသင်းရဲ့ နောက်ခံ ကစားသမားသစ် ဂါဘရီရယ်လ်ဟာ ဖူဟမ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ (၂၀၂၀-၂၁) ခုနှစ် ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် နဲ့ သူ့ရဲ့ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက် ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂါဘရီရယ်လ်ဟာ ယခုလ၊ စက်တင်ဘာလ၊ (၁) ရက်နေ့မှာ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းကို ပေါင် (၂၇) သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ဖူဟမ်အသင်းကို (၃-ဝ) ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ သူ့ရဲ့ ပွဲဦးထွက် ပွဲစဉ်မှာတော့ မယုံနိုင်စရာ မှတ်တမ်းကောင်းတွေကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Twitter

နောက်ခံလူ ဂါဘရီရယ်လ်ဟာ ဖူဟမ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲဦးထွက် ပွဲစဉ်မှာ ဘောလုံး (၁၂၁) ကြိမ်ထိခဲ့တာကြောင့် ဘောလုံးထိမှု အများဆုံး ဖြစ်ခဲ့သလို၊ ဘောလုံးပေးပို့မှု (၁၁၃) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဘောလုံး ပေးပို့မှု အများဆုံး ကစားသမားလည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဂါဘရီရယ်လ်ဟာ တန်းတက်ဖူဟမ်အသင်းကို (၃) ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ ဘောလုံး ပေးပို့မှု တိကျနှုန်း (၉၅ ရာခိုင်နှုန်း)၊ ဘောလုံး ပြန်ဆယ်နိုင်မှု (၅) ကြိမ်၊ ရှင်းထုတ်နိုင်မှု (၃) ကြိမ်၊ ဖြတ်ထုတ်နိုင်မှု (၃) ကြိမ်၊ ပြစ်ဒဏ်ဘော ရယူနိုင်မှု (၂) ကြိမ် နဲ့ သွင်းဂိုး (၁) ဂိုး သွင်းနိုင်ခဲ့ပါတယ်။

Photo Credit: Twitter

ဘရာဇီးသား ဂါဘရီရယ်လ်ဟာ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက် ပွဲစဉ်မှာ သွင်းဂိုး (၁) ဂိုး သွင်းယူနိုင်ခဲ့ရုံသာမက မယုံနိုင်စရာ ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့တာကြောင့် ပေါင် (၂၇) သန်းနဲ့ ထိုက်တန်တယ် ဆိုတာကိုလည်း ပဲွဲဦးထွက် ပွဲစဉ်မှာတင် သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။  နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ (၂၀၂၀-၂၁) ခုနှစ် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ လာကာဇက်၊ ဂါဘရီရယ်လ် နဲ့ အူဘာမီယန်းတို့ရဲ့ သွင်းဂိုး (၃) ဂိုးကြောင့် ဖူဟမ်အသင်းကို ပေးဂိုးမရှိ၊ (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို နိုင်ပွဲနဲ့ စတင်သွားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၈) နေရာ ရရှိခဲ့ပေမယ့်လည်း  အက်ဖ်အေဖလား ရရှိခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့် ပြန်လည် ရရှိသွားခဲ့တာ ဖြစ်ပြီး လာမယ့် ပွဲစဉ် အဖြစ် နောက်အပတ်မှာ ဝက်စ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားသွားရမှာ ဖြစ်ပါတယ်။