လိုင်လီအသင်းရဲ့နောက်ခံကစားသမား ဂါဘရီရယ်မာဂါလက်စ်ကတော့ သူ့ကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက် နာပိုလီအသင်းတို့ကနေ မက်လောက်စရာကောင်းလောက်တဲ့ လုပ်ခလစာပမာဏတွေကနေ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဒီအသင်းတွေအားလုံးထက် အာဆင်နယ်အသင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဂါဘရီရယ်ရဲ့အေးဂျင့်ဖြစ်သူကနေ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၂)နှစ်အရွှယ်ရှိ ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်ဟာ လိုင်လီအသင်းနဲ့အတူ ပြင်သစ်လီဂူးမှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့လို့ သူ့ကို ကလပ်အသင်းပေါင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပြီး ကမ်းလှမ်းမှုများစွာကို လုပ်ဆောင်လာကြပေမယ့်လည်း ဂါဘရီရယ်ကတော့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး (၂၅)သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ကာ လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အာဆင်နယ်အသင်းရဲ့တရားဝင်ကစားသမား ဖြစ်လာတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Express

ဂါဘရီရယ်ရဲ့အေးဂျင့်ဖြစ်သူ မီရန်ဒါက “အာဆင်နယ်ရဲ့ကမ်းလှမ်းချက်က ဂါဘရီရယ်အတွက် အကောင်းဆုံးကမ်းလှမ်းမှုတစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ ဂါဘရီရယ်က သူ့ကို လာကမ်းလှမ်းထားတဲ့ မက်မောလောက်စရာကောင်းသော ကမ်းလှမ်းမှုတွေထဲကမှ အာဆင်နယ်ကို ရွေးချယ်သွားခဲ့တာကတော့ အသင်းရဲ့ဒါရိုက်တာအီဒူးနဲ့ အသင်းရဲ့နည်းပြအာတီတာကြောင့်ပါ။ အီဒူးက သူတို့ရဲ့ပရောဂျက်အတွက် သေချာရှင်းပြပြီး ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်ကြောင်း ပြောပြခဲ့တယ်။ အီဒူးနဲ့အာတီတာတို့ကြောင့် အာဆင်နယ်ကို ရွေးချယ်လိုက်တယ်ဆိုတာကတော့ ရာနှုန်းပြည့်ကို မှန်ကန်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းရဲ့ ဒီနွေရာသီစျေးကွက်အတွင်း ဒုတိယမြောက် လူခေါ်ယူမှု ဖြစ်လာတော့မှာဖြစ်ပြီး ဂါဘရီရယ်မတိုင်ခင် ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလီယံကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းကိုလည်း အသင်းနဲ့ (၃)နှစ်သက်တမ်းတိုးဖို့ လုပ်ဆောင်လျက်ရှိနေသလို ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ခေါ်ယူလို့ထားတဲ့ စပိန်ကွင်းလယ်ကစားသမား စီဘယ်ယို့စ်ကိုလည်း နောက်ထပ်တစ်ရာသီ အငှားနဲ့ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။