MySport Myanmar

တစ်ရာသီအတွင်း ပွဲပေါင်း(၇၀)လောက်အထိ ကစားသွားဖို့ အဆင့်သင့် ဖြစ်နေတဲ့ ဂျေဇူး

ပြီးခဲ့တဲ့တစ်ပတ်က အာဆင်နယ်နည်းပြ အာတီတာက ကစားသမားတွေဟာ အကောင်းဆုံးဖြစ်ချင်ရင် အလွန် ခက်ခဲကျပ်တည်းလွန်းလှတဲ့ ကာလတွေမှာ ရှင်သန်နိုင်ရမယ်လို့ ပြောခဲ့သလို ကမ္ဘာ့ထိပ်တန်း ကစားသမားတွေက (၃)ရက်တိုင်း(၁)ပွဲနဲ့ တစ်ရာသီအတွင်း ပွဲပေါင်း(၇၀)လောက်အထိ ကစားပြီး တခြားကစားသမားတွေနဲ့ ကွဲပြားအောင် လုပ်ကြတယ်လို့ ပြောဆိုခဲ့ရာ အာဆင်နယ် ကစားသမား ဂါဘရီရယ်ဂျေဇူးကလည်း သူ့နည်းပြ ပြောထားသလို သူ လုပ်ဆောင်နိုင်တယ်လို့ ယုံယုံကြည်ကြည်နဲ့ ကြုံးဝါးလိုက်ပါတယ်။

Photo Credit : Daily Mail

ဒီရာသီမှာ မန်စီးတီးအသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျေဇူးဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ တစ်ရာသီအတွင်း ပွဲပေါင်း(၅၃)ပွဲအထိ အများဆုံးပမာဏအဖြစ် ကစားထားခဲ့ဖူးတာ ဖြစ်ပေမယ့် ဒီရာသီမှာတော့ သူရဲ့နည်းပြ အာတီတာ ပြောထားခဲ့ဖူးသလို တစ်ရာသီထဲ ပွဲပေါင်း(၇၀)အထိ ကစားသွားဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ ဂျေဇူးဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၅၃)ပွဲအထိ ကစားခဲ့ပြီး သွင်းဂိုးလည်း (၂၃)ဂိုးအထိပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

“ပွဲတွေ ကစားလို့အပြီးမှာ ကျွန်တော်ရဲ့ ကြံခိုင်မှုတွေ သက်လုံတွေ ပြန်လည် ကောင်းမွန်လာဖို့အတွက် ကောင်းကောင်းအိပ်တယ် ၊ ကောင်းကောင်းစားတယ် ၊ အကောင်းဆုံးတွေ လုပ်ဆောင်ပါတယ်။ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီး ကစားနေရတဲ့ အချိန်မှာ ကျွန်တော် အများကြီး ပျော်မွေ့နေပါတယ်။ ဒါကြောင့်လည်း ပွဲပေါင်း (၅၀)တွေ (၆၀)တွေ (၇၀)တွေအထိ ကစားသွားဖို့လည်း အဆင့်သင့် ဖြစ်နေပါပြီ။ ကျွန်တော့်သမီးလေးနဲ့ အတူနေဖို့ကတော့ အရာအားလုံးထဲကမှ ပထမ ဦးစားပေးပေါ့။ ဒီလို အတူရှိတာက ကျွန်တော်ရဲ့စိတ်တွေကို recover လုပ်ဖို့အတွက် အများကြီး ကူညီပေးတယ်။ အားလုံးက ခန္ဓာကိုယ်နဲ့ပဲ ပတ်သတ်တာ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ အမြင်အရတော့ စိတ်က ခန္ဓာကိုယ်ကို ထိန်းချုပ်တာဖြစ်လို့ စိတ်က ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် မိသားစုနဲ့ အတူနေတယ် ၊ သမီးလေးနဲ့ ကစားတယ် ၊ အဲ့ဒါတွေက ကျွန်တော့်ကို အများကြီး အထောက်အကူ ဖြစ်စေတယ်။ ပြီးတော့ ကျွန်တော် ကလပ်အသင်းမှာရော အိမ်မှာပါ ကြံခိုင်ရေးနည်းပြတွေနဲ့ အလုပ်လုပ်ပါတယ်” လို့ ဂျေဇူးက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Exit mobile version