အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား နဲ့ ညာခြမ်း ခံစစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဂါဘရီရယ် ဂျီးဆပ် နဲ့ ကိုင်လီ ဝေါလ်ကာ တို့ နှစ်ဦးဟာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိရပါတယ်။ မန်ချက်စတာ စီးတီး အသင်း တာဝန်ရှိသူတွေ အနေနဲ့ ဒီကနေ့ ခရစ္စမတ်နေ့မှာ အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဂါဘရီရယ် ဂျီးဆပ် နဲ့ ကိုင်လီ ဝေါလ်ကာ တို့ နှစ်ဦးအပြင် အသင်းရဲ့ ဝန်ထမ်း နှစ်ဦး အပါအဝင် စုစုပေါင်း လေးဦး ကိုဗစ်ပိုး ပို့စတစ် ဖြစ်ခဲ့တယ်ဆိုပြီး အသင်းရဲ့ ဝက်ဒ်ဆိုက် ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit: Express

ဘရာဇီး တိုက်စစ် ကစားသမား ဂါဘရီရယ် ဂျီးဆပ် ဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ အာဆင်နယ် အသင်းဘက်ကို စောစောစီးစီးပဲ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ခံစစ် ကစားသမား ဝေါလ်ကာ ကလည်း ပွဲကစားချိန် ၇၇ မိနစ်အရောက်မှာ လူစားဝင်ရောက် ကစားထားခဲ့ပါသေးတယ်။ အဆိုပါ ကစားသမားနှစ်ဦး အနေနဲ့ သီးသန့်နေထိုင်ရတော့မာ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ boxing day အဖြစ် ကစားမယ့် နယူးကာဆယ် အသင်း နဲ့ ပွဲစဉ် ကိုလည်း လွဲချော်ရတော့မာ ဖြစ်ပါတယ်။ မန်စီးတီး အသင်း အနေနဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်ပြီး နောက်နှစ်ရက်ကြာရင် အယ်‌ဗာတန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပြီးတော့ ဇန်နဝါရီ ၃ ရက်နေ့မှာ ချယ်လ်ဆီး အသင်းနဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲကို ဆင်နွှဲသွားရဖို့လည်း ရှိနေပြန်ပါတယ်။

 

Photo Credit: Express

ဒါ့အပြင် ဇန်နဝါရီလ ၆ ရက်နေ့မှာလည်း ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါသေးတယ်။ မန်စီးတီး အသင်း အနေနဲ့ကတော့ အခုလို ပွဲကျပ်ကာလ တွေကို ဖြတ်သန်းရ‌တော့မှာ ဖြစ်တာကြောင့် ဂါဘရီရယ် ဂျီးဆပ် နဲ့ ကိုင်လီ ဝေါလ်ကာတို့ အနေနဲ့ အမြန်ဆုံး ပြန်လာနိုင်ဖို့ အတွက်တော့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ မန်စီးတီး အသင်း တာဝန်ရှိသူတွေကတော့ အခုလို ဖော်ပြထားပါတယ်။ “ ဂါဘရီရယ် ဂျီးဆပ်၊ ကိုင်လီ ဝေါလ်ကာ နဲ့ အသင်းရဲ့ ဝန်ထမ်း နှစ်ဦးတို့မှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ လေးဦးစလုံးအနေနဲ့ ပရီးမီးယားလိဂ် နဲ့ ယူကေ အစိုးရက ချမှတ်‌ထားတဲ့ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေ နဲ့ အညီ သီးသန့်နေထိုင်သွားရတော့မာ ဖြစ်ပါတယ်။အသင်းမှာ ရှိကြတဲ့ လူအားလုံး အနေနဲ့ ကျွန်တော်တို့ရဲ့ အသင်းဖော်တွေကို ခရစ္စမတ်ကာလ အတွင်း အလျှင်အမြန်နဲ့ အမြန်ဆုံး ပြန်သက်သာလာပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖို့ ‌ဆုတောင်းပေးနေပါတယ် ” ဆိုပြီး ဖော်ပြထားပါတယ်။