ပြီးခဲ့တဲဲ့ရက်ပိုင်းကပဲ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူးနီဂွက်ဇ်က သူရဲ့တွစ်တာပေါ်ကနေပြီး သူ့အသင်းသစ်ကို (၃)ရက်အတွင်းမှာပဲ ထုတ်ပြန်ကြေညာသွားတော့မယ်လို့ ရေးသားဖော်ပြခဲ့ပြီးနောက် သူနဲ့လတ်တလောမှာ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့တော့မလားဆိုပြီး ယူဆချက်တွေပါ ထွက်ပေါ်ခဲ့ပေမယ့်လည်း (၃)ရက်ပြည့်တဲ့နေ့မှာတော့ ဆာအူးရဲ့ ထုတ်ပြန်ကြေညာမှုက ယူဆချက်တွေအားလုံးရဲ့ ဆန့်ကျင်ဘက်သာ ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားဆာအူး ပြောဆိုသွားခဲ့တဲ့ အသင်းသစ်ဆိုတာ သူပြောင်းရွှေ့မယ့် အသင်းသစ်ကို ဆိုလိုခြင်းမဟုတ်ပဲ သူရဲ့မွေးရပ်မြေဖြစ်တဲ့ စပိန်နိုင်ငံ အယ်ချီမြို့မှာ အခြေစိုက်တည်ထောင်သွားမယ့် ဘောလုံးအသင်းသစ်တစ်သင်းကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်။ ဆာအူးဟာ သူရဲ့စကားအတိုင်း (၃)ရက်ပြည့်သွားချိန်မှာ သူရဲ့အင်စတာဂရမ်ကနေပြီး “ကလပ်ကို့စ်စတာစီးတီး” လို့ အမည်ရတဲ့ သူနဲ့ Nike တို့ ပူးပေါင်းတည်ထောင်လိုက်တဲ့ အသင်းသစ်ရဲ့ ဗီဒီယိုလေးကို ဖော်ပြသွားခဲ့ပြီး ဒါဟာ သူ့အတွက် အသင်းသစ်ဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sport

ဒါပေမယ့် ပရိသတ်အများစုကတော့ ဆာအူးအနေနဲ့ အသက်လက်တီကိုကနေ ထွက်ခွာပြီး အခြားသော အသင်းသစ်တစ်သင်းဆီကို ထွက်ခွာလိမ့်မယ်လို့ ထင်ထားခဲ့ကြတာဖြစ်သလို သူနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေမှာလည်း ဆာအူးရဲ့စကားကြောင့် မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရသလို ဖြစ်စေခဲ့တဲ့အတွက် ဆာအူးအပေါ်မှာ ဒေါသပုန်ထနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေနည်းတူ ယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ရီယိုဖာဒီနန်တောင် ဆာအူးရဲ့ကြေညာချက်အပေါ်မှာ စိတ်လှုပ်ရှားခဲ့ရကြောင်း တုန့်ပြန်ပြောဆိုထားခဲ့ပေမယ့် အခုလို အမှတ်မထင် ကြေညာမှုကြောင့် ဖာဒီနန်လည်း စိတ်ပျက်သွားမှာတော့ သေချာပါတယ်။ ဒါပေမယ့် ဆာအူးရဲ့ ကလပ်အသင်းဖြစ်တဲ့ အသက်လက်တီကိုရဲ့ ပရိသတ်တွေကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ကို မဆုံးရှံးရတော့ဘူးဆိုတဲ့အသိ ပျော်ရွှင်လို့နေပါတယ်။ ယူနိုက်တက်ဟာ ဆာအူးကို မခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်မှာတော့ ပေ့ါဘာနဲ့ ဖာနန်ဒက်စ်တို့ အတွဲအဖက်ရှိနေသေးတာမို့ ကွင်းလယ်ပိုင်းက အင်အားတောင့်တင်းနေမှာ အမှန်အကန်ပါပဲ။