MySport Myanmar

စပါးနဲ့ ပွဲစဉ်က အပြုအမှုကြောင့် ရော်နယ်လ်ဒိုကို ပရိသတ်များစွာက ပြစ်တင်ဝေဖန်ခဲ့ကြ

မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်က (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် ပွဲမပြီးခင် ပွဲသိမ်းခရာမမှုတ်ခင်မှာ ဒီပွဲအတွင်း လုံးဝ ပါဝင်ကစားရခြင်းမရှိတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုက ကွင်းထဲကနေ ထွက်ခွာသွားခဲ့ခြင်းအပေါ် ယူနိုက်တက် ပရိသတ်တွေ အပါအဝင် ဘောလုံးပရိသတ်တွေများစွာက ရော်နယ်လ်ဒိုရဲ့ အပြုအမှုအပေါ် ဝေဖန်မှုတွေ လုပ်ဆောင်သွားခဲ့ကြပါတယ်။

Photo Credit : Daily Mail

ဒီရာသီမှာ ပွဲကစားခွင့်ထက် အရန်ခုံမှာ ထိုင်နေရချိန်က ပိုများနေရတဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း ရပ်ရှ်ဖို့ဒ်နဲ့ လူစားလဲခံရချိန်မှာ လူစားလဲမှုအပေါ် သဘောမကျတဲ့ အပြုအမှုတွေ ပြသသွားခဲ့သလို အခုလည်း စပါးနဲ့ ပွဲစဉ်အတွင်း အရန်စာရင်းမှာသာ ပါဝင်လာပြီး လူစားဝင် ကစားရခြင်းပါ မရှိခဲ့တဲ့အတွက် ပွဲမပြီးခင်မှာပဲ ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပြန်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ ဒီအပြုအမှုအပေါ် နည်းပြတန်ဟက်ဂ်က ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပွဲအပြီးမှာ ပြောဆိုထားသလို ပရိသတ်တွေကလည်း ရော်နယ်လ်ဒိုကို ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Photo Credit : Daily Mail

“ရော်နယ်လ်ဒို အသက်(၃၇)နှစ်အရွယ်မှာ သိက္ခာမရှိတဲ့ လူတစ်ဦးလို မိုက်မဲတဲ့ ကလေးတစ်ယောက်လိုကို ပြုမှုနေတယ်” “ရော်နယ်လ်ဒိုက သူနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ နာမည်ဂုဏ်သတင်းတို့ကို ပျက်ပြားစေခဲ့တယ်။ သူက ဂန္တဝင်တစ်ဦး ဆိုပေမယ့် အခုတော့ မှေးမှိန်နေပါပြီ” “ရော်နယ်လ်ဒိုက သူရဲ့ စိတ်မရှည်မှု သူရဲ့အမွေအနှစ်တွေအတွက် မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာလိုက်သင့်ပါတယ်” “ရော်နယ်လ်ဒိုက အရှက်တကွဲ ဖြစ်သွားတာ။ အဲ့ဒီအချိန်မှာပဲ သူက အဲရစ်တန်ဟက်ဂ်အတွက် ပြသာနာတွေ လုပ်နေတော့တာပဲ” “ဒီလောက်ကောင်းမွန်တဲ့ နိုင်ပွဲကို ရော်နယ်လ်ဒိုက အောင်ပွဲတွေကို လုယူနေသလိုပဲ” “ရော်နယ်လ်ဒိုက အားကစား သမိုင်းတစ်လျှောက်မှာ တစ်ကိုယ်ကောင်းအဆန်ဆုံးသော အားကစားသမားတစ်ဦးပါ” လို့ ပရိသတ်များစွာက ဝေဖန်သွားခဲ့ကြပါတယ်။ တချို့ပရိသတ်တွေကလည်း အသင်းက နိုင်ပွဲရနေတာတောင်မှ ရော်နယ်လ်ဒိုကို ကစားခွင့်မပေးတဲ့ တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်နေကြပေမယ့်လည်း ယူနိုက်တက်က လာမယ့် weekend မှာပဲ နောက်ထပ် လန်ဒန်အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်သလို တောက်လျှောက် ပွဲစဉ်တွေ ပြွတ်သိပ်နေတဲ့အတွက် ရော်နယ်လ်ဒိုကို လုံးဝ အနားပေးထားတာမျိုးလည်း ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version