MySport Myanmar

လူစားလဲခံရခြင်းအပေါ် မကျေမနပ် ဖြစ်နေရတဲ့ ဒီဂျောင် ယူနိုက်တက်နဲ့ သတင်းထွက်လာခဲ့

မနေ့ညက နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့ ဗယ်လက်ကာနိုအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်မှာ အိမ်ရှင်ဘာစီလိုနာက ဗယ်လက်ကာနိုအသင်းကို အနိုင်ယူနိုင်ခြင်း မရှိပဲ ပွဲအစ(၇)မိနစ်ကတည်းက ခွင့်ပြုခဲ့ရတဲ့ အဲဗာရိုဂါဆီယာရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ကပ်ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒီပွဲမှာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ဟာ အသင်းအတွက် တစ်နာရီနီးပါးလောက်သာ ပါဝင်ကစားခဲ့ရပြီး လူစားလဲခံခဲ့ရတဲ့အပေါ် မကျေမနပ် ဖြစ်ခဲ့ရသလို ကွင်းအတွင်းကနေပါ ချက်ချင်းထွက်ခွာသွားခဲ့ပါတယ်။

Photo Credit : The Sun

နယ်သာလန်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်လူ ဒီဂျောင်ဟာ ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခဲ့ရပေမယ့် ဒုတိယပိုင်း ပွဲကစားချိန် (၅၉)မိနစ်မှာပဲ နီကိုဂွန်ဇာလက်ဇ်နဲ့ လူစားလဲခံခဲ့ရလို့ နည်းပြဇာဗီရဲ့ ဆုံးဖြတ်ချက်အေပေါ် မပျော်မရွှ့င် ဖြစ်နေခဲ့ရပြီး လူစားလဲခံရပြီးနောက် ကွင်းဘေးစည်းမှာပဲ သူရဲ့ခြေသလုံးအကာတွေ ဖယ်ရှားပစ်ခဲ့သလို အရန်ထိုင်ခုံမှာတောင် မထိုင်တော့ပဲ ကွင်းအတွင်းကနေသာ ထွက်ခွာသွားခဲ့ပါတယ်။ ဒီဂျောင်ဟာ ဗယ်လက်ကာနို ပွဲစဉ်မတိုင်ခင် ကာဒစ်ဇ်အသင်းကို နူးကမ့်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း အခုလို ပွဲမပြီးဆုံးခင်မှာ လူစားလဲခံခဲ့ရလို့ မကျေနပ် ဖြစ်ခဲ့ရပါသေးတယ်။

Photo Credit : The Sun

အခုလို နည်းပြဇာဗီရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မရွှင်မပျ ဖြစ်နေရတဲ့ ဒီဂျောင်ဟာ သူရဲ့အသင်းဟောင်း အေဂျက်စ်မှာ (၂)နှစ်နီးပါးလောက် လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ ပြန်လည်လက်တွဲသွားဖို့ ဆန္ဒရှိနေတယ်လို့ စပိ်န်အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ မကြာသေးခင်ကမှ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရတဲ့ ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်ဟာ လာမယ့် စျေးကွက်အတွင်း သူရဲ့့တပည့်ဟောင်း ဒီဂျောင်ကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး အဲဗာတန်အသင်းကို အငှားချထားတဲ့ ကွင်းလယ်လူ ဒွန်နီဗန်ဒယ်ဘိခ်ကိုလည်း အသင်းဆီ ပြန်လည်ခေါ်ဆောင်ကာ အေဂျက်စ်မှာကတည်းက အတွဲမိခဲ့တဲ့ ဒီဂျောင်-ဗန်ဒယ်ဘိခ်တို့ရဲ့ ကွင်းလယ်အတွဲအဖက်ကို ပြန်လည်တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ ၂၀၁၉ခုနှစ်ကမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေး ယူရိုသန်း(၇၀)လောက် ရှိနေသလို အသင်းနဲ့လည်း ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် ယူနိုက်တက်ဘက်က ဒီဂျောင်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးများစွာနဲ့ ကမ်းလှမ်းရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version