ဖူလ်ဟမ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချသွားရနိုင်တဲ့ ကွင်းလယ်လူ ပါလင်ညာရဲ့ နေရာမှာ ကစားသမား ပြန်လည် အစားထိုးဖို့အတွက် မန်ယူနိုက်တက် ကွင်းလယ် ကစားသမား တွမ်မီနေးကို စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာ ပါလင်ညာက ဘိုင်ယန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး ပြောင်းရွှေ့ကြေးသာ အဆင်ပြေမယ်ဆိုရင် အပြောင်းအရွှေ့က ချက်ချင်း ဖြစ်လာတော့မှာမို့ ဖူလ်ဟမ်အနေနဲ့ ပါလင်ညာ deal မဖြစ်ခင်မှာပဲ ကွင်းလယ်လူတစ်ဦး ခေါ်ယူနိုင်ဖို့ စတင် လှုပ်ရှားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဖူလ်ဟမ်က မန်ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားဖြစ်သ အမ်မရာဘတ်ကိုပါ ချဥ်းကပ်ခဲ့သေးပေမယ့်လည်း ကစားသမားကိုယ်တိုင်က ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ စိတ်အားထက်သန်နေတာကြောင့် လက်လျှော့ခဲ့ရပါတယ်။

လက်ရှိမှာတော့ ဖူလ်ဟမ်က ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေး နဲ့ စပါး ကွင်းလယ်လူ ဟွိုင်ဘယက်တို့ကို ပါလင်ညာနေရာမှာ အစားထိုးဖို့ လျာထားပြီး ပါလင်ညာအတွက် သူတို့ သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း ဘိုင်ယန်ဘက်က ကမ်းလှမ်းလာမယ်ဆိုရင် ပါလင်ညာကို ရောင်းချကာ သူ့နေရာအတွက် ကစားသမားသစ်တစ်ဦး လျင်လျင်မြန်မြန် ပြန်အစားထိုးဖို့ ရှိနေပါတယ်။

Photo Credit : Stretty News

ဖူလ်ဟမ်အနေနဲ့ ဒိန်းမတ် ကွင်းလယ်လူ ဟွိုင်ဘယက်ကို ခေါ်ယူဖို့ဆိုရင် ခေါင်းမာလွန်းတဲ့ စပါးဥက္ကဌ ဒန်နီရယ် လီဗီနဲ့ အချိန်ယူ ညှိနှိုင်းရဖို့ ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း အသက်လက်တီကိုလို အသင်းမျိုးဆီ ပြောင်းရွှေ့ဖို့တောင် ပယ်ချခဲ့သေးတာကြောင့် အနည်းငယ် ခက်ခဲရနိုင်ပါတယ်။

ဒါကြောင့် ဖူလ်ဟမ်က တွမ်မီနေးကိုသာ ပိုမို ပစ်မှတ်ထားလာပြီး ယူနိုက်တက်အသင်းဆီကိုလည်း ကနဦး ဆက်သွယ်မှုတွေ လုပ်ဆောင်ထားပေမယ့် ယူနိုက်တက်ကို အမ်မရာဘတ် ရောက်လာရင်တောင် ဗန်ဒီဘိခ်ကိုလည်း အငှားချနိုင်သေးတာမို့ ကွင်းလယ် ကစားသမား အရေအတွက်အရ တွမ်မီနေးကို အသင်းမှာပဲ ဆက်ထိန်းသွားနိုင်ဖို့လ​ည်း ရှိနိုင်သလို အငှားမဟုတ်ပဲ သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ကမ်းလှမ်းလာခဲ့ရင်လည်း ရောင်းချသွားနိုင်ပါတယ်။