ဘာစီလိုနာအသင်းဆီကို နည်းပြသစ် ရော်နယ်ကိုးမန်း ရောက်ရှိလာခဲ့ပြီးနောက်မှာ အသင်းရဲ့အနာဂတ်စီမံကိန်းတွေထဲ ပါဝင်လာဖွယ်မရှိတော့တဲ့ အသင်းရဲ့ဝါရင့်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တန်းတတ်လာခဲ့တဲ့ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဖူလ်ဟမ်အသင်းကနေ ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလာခဲ့တယ်လို့ ပီရူးသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Libero ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် နောက်ခံကစားသမားကြီးပီကေးဟာ ဘိုင်ယန်မြူးနစ်အသင်းကို (၈)ဂိုး(၂)ဂိုးနဲ့ အပြတ်အသတ် ရှံးနိမ့်ခဲ့ရတဲ့ပွဲစဉ်မှာ အသင်းအတွက် ခံစစ်ပိုင်းတာဝန်ကျေအောင် မကစားနိုင်ခဲ့တဲ့အပြင် ဒီရှံးပွဲအပြီးမှာပဲ အသင်းရဲ့ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ရင် အသင်းကပါ ထွက်ခွာပေးမယ်လို့ ပြောဆိုလာခဲ့တာကြောင့် ပီကေးရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်လာခဲ့ရပါတယ်။ ဒါ့အပြင် အခု အသင်းကို ရောက်ရှိလာတဲ့ နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့လက်အောက်မှာလည်း ပုံမှန်ပွဲထွက်ခွင့် ရရှိနိုင်ဖို့ မသေချာတောကြောင့် ဒီနှစ်နွေစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိလာနိုင်ပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာဥက္ကဌဖြစ်သူ ဘာတိုမြူရဲ့ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်းမှာ အသင်းကနေ လုံးဝရောင်းချမှာမဟုတ်တဲ့ ကစားသမားတွေစာရင်းထဲမှာ ပီကေးက ပါဝင်ခြင်းမရှိတာကြောင့် ပီကေးရဲ့အနာဂတ်က ဝေဝါးလာခဲ့ရပြီး ဒီလို အနာဂတ်မရေမရာဖြစ်လာခဲ့တဲ့ ပီကေးကို ပရီးမီးယားလိဂ်တန်းတတ်အသင်းတစ်သင်းဖြစ်တဲ့ ဖူလ်ဟမ်ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေခဲ့တယ်လို့ Libero သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ Libero ရဲ့ဖော်ပြချက်အရ ဖူလ်ဟမ်အသင်းရဲ့နည်းပြ စကော့ပါ့ကားဟာ ကမ်းလှမ်းမှုတစ်ခုနဲ့ ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ပါ သိရှိရပါတယ်။ ပီကေးဟာ ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၂၂၀၀၀၀)အထိကို ရရှိနေတဲ့သူဖြစ်ပြီး ဒီလစာပမာဏဟာ ဖူလ်ဟမ်အသင်းအတွက် ခက်ခဲဖွယ်ရှိနေပါတယ်။ ကတ်တလန်ဒေသဖွား ပီကေးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၀၄ခုနှစ်ကမှ ဘာစီလိုနာလူငယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ အသင်းနဲ့အတူ အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ပီကေးဟာ အခုလို ဖူလ်ဟမ်အသင်းနဲ့ သတင်းထွက်ခဲ့နေခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြန်သွားကစားဖို့ထက် မေဂျာလိဂ် ဒါမှမဟုတ် အရှေ့အလယ်ပိုင်းက ကလပ်တွေဆီမှာပဲ သွားရောက်ကစားဖွယ် ရှိနေပါတယ်။