MySport Myanmar

မန်ယူ ကွင်းလယ်ကစားသမား ပယ်ရေယားကို ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ ဖူလ်ဟမ်

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းတတ်လိုက် တန်းဆင်းလိုက် လုပ်နေတတ်တဲ့ ဖူလ်ဟမ်အသင်းဟာ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒရေယပ်စ်ပယ်ရေယားကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်း+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းထားခဲ့ပြီး ယူနိုက်တက်ဘက်ကလည်း လက်ခံသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၂၆)နှစ်အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်ကစားသမား ပယ်ရေယားဟာ လက်ရှိမှာတော့ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းမှာ အငှားစာချုပ်နဲ့ ပါဝင်ကစားနေတာဖြစ်ပြီး ဒီလကုန်မှာပဲ သူရဲ့ အငှားစာချုပ်က ကုန်ဆုံးတော့မှာဖြစ်သလို ယူနိုက်တက်အသင်းဆီပါ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပယ်ရေယားဟာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ plan ထဲမှာ မပါဝင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အသင်းမှာ ဆက်ထားဖို့ထက် ရောင်းချလိုက်ဖို့ကိုသာ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : SPORTbible

ကွင်းလယ်လူ ပယ်ရေယားဟာ ၂၀၁၁ခုနှစ်မှာပဲ ယူနိုက်တက် လူငယ်အသင်းဆီကို PSV အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ကစားသမားဘဝအတွင်း ယူနိုက်တက်အတွက် သိပ်များများစားစား ပါဝင်ရခြင်းမရှိပဲ ဂရန်နာဒါ ဗလင်စီယာ လာဇီယိုနဲ့ ဖလာမင်ဂိုအသင်းတွေမှာသာ အငှားကစားသမားအဖြစ် ကျင်လည်နေခဲ့ရတာ ဖြစ်ပါတယ်။ ပယ်ရေယားဟာ သူရဲ့အမိမြေ ဘရာဇီးလ်မှာ ဖလာမင်ဂိုအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေပေမယ့် အပြီးသတ် ခေါ်ယူနိုင်ဖို့က ခဲယဉ်းနေတာကြောင့် ပယ်ရေယားကို သူရဲ့ မူလကလပ် ယူနိုက်တက်အသင်းဆီသာ ပြန်လည်စေလွှတ်ရဖွယ် ရှိနေပါတယ်။ ဖလာမင်ဂိုမှာ ခြေစွမ်းတွေ ပြသနေတဲ့ ပယ်ရေယားက ယူနိုက်တက်ဘက်က အသင်းမှာ နေရာပေးဖို့ထက် အပြီးသတ် ရောင်းချဖွယ်သာ ရှိနေတာဖြစ်လို့ လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဖူဟ်ဟမ်အသင်းကနေ ပယ်ရေယားကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းလာနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ပယ်ရေယားလို ကစားသမားမျိုးကို အလိုရှိနေပြီး ကာလရှည် စာချုပ်တစ်ရပ်ကိုပါ ချုပ်ဆိုသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ပယ်ရေယားကို လက်လွတ်ဖွယ် ရှိနေပေမယ့် နော်တင်ဟမ်ကနေ အငှားပြည့်လို့ အသင်းဆီ ပြန်ရောက်လာတော့မယ့် ဂျိမ်းစ်ဂါနာကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။

Exit mobile version