ချန်ပီယံရှစ်ပြိုင်ပွဲကနေ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ ဖူလ်ဟမ်က လာမယ့်ရာသီ အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အရန်ဂိုးသမား ဘားနက် လေနိုကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဖူလ်ဟမ်က ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဂိုးသမား နေရာမှာတော့ အတော်လေးကို အားနည်းနေတာကြောင့် ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားက လက်စွမ်းကောင်းတွေ ပိုင်ဆိုင်နေပေမယ့် အာဆင်နယ်မှာ နေရာမရတဲ့ ဂျာမန် ဂိုးသမား လေနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

အသက် ၃၀ အရွယ် ဂျာမဏီ ဂိုးသမား လေနိုက လေဗာကူဆင်ကနေ အာဆင်နယ်ထံ ပြောင်းလာပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ၃နှစ်ကြာအောင် တာဝန်ယူ ကစားခဲ့ရပေမယ့် ယခုနှစ် ဘောလုံးရာသီ အစမှာတော့ သူ့ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရမ်စဒဲလ်ထံ လွှဲပြောင်းပေးခဲ့ရပါတယ်။

ဒါကြောင့်ပဲ လေနိုက လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီနဲ့အတူ ပါဝင် ကစားခွင့် ရဖို့ ယခု နွေဈေးကွက် အတွင်းမှာ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အာဆင်နယ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ လေနိုအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် လေနိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖူလ်ဟမ်က လေနိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လေနိုရဲ့ အေးဂျင့်ဖြစ်သူကလည်း လန်ဒန်မြို့ဆီ လာရောက်ကာ ဖူလ်ဟမ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ဆွေးနွေးနေကြောင်း သိရပါတယ်။

ဖူလ်ဟမ်က လေနို အတွက် အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ဝန်းကျင် ပေးချေရဖို့ ရှိနေပြီး လေနိုကလည်း သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာနေတဲ့ ဖူလ်ဟမ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက ဖော်ပြထားပါသေးတယ်။