ယခုနှစ် ဘောလုံးရာသီမှာမှ ချန်ပီယံရှစ်ပြိုင်ပွဲ ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ ဖူလ်ဟမ်က သူတို့အသင်းရဲ့ ကစားသမား အင်အားကို တိုးမြှင့်ဖို့ အတွက် အာဆင်နယ်ရဲ့ အရန်ဂိုးသမား လေနိုကို ခေါ်ယူဖို့ ကြိုးပမ်းနေရာ လက်ရှိအချိန်မှာ လေနိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဂျာမဏီ လက်ရွေးစင် ဂိုးသမား လေနိုက လေဗာကူဆင်ကနေ အာဆင်နယ်ဆီ ရောက်ရှိလာပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ သူ့ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို အသစ် ရောက်လာတဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်ဆီ လွှဲပြောင်းပေးခဲ့ရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အာဆင်နယ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူပါ။

Photo Credit: Sports Buzzer

အာဆင်နယ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ဂိုးသမား လေနိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး လေနိုရဲ့ နေရာကို အစားဝင်ဖို့ အမေရိကန် လက်ရွေးစင် ဂိုးသမား တာနာကို ပြန်လည် ခေါ်ယူထားကာ လေနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် လိုချင်နေပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းတင် ကျန်ရစ်နိုင်အောင် ကစားသမားသစ် ခေါ်ယူမှုတွေကို ဆက်တိုက် ဆိုသလို လုပ်ဆောင်နေတဲ့ ဖူလ်ဟမ်က သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာ အတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဂိုးသမား လေနိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး လေနိုကလည်း လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီအသင်းနဲ့ အတူ ပါဝင် ယှဉ်ပြိုင်ခွင့် ရဖို့ ပုံမှန် ပွဲထွက်ခွင့် ရမယ့် ဖူလ်ဟမ်ဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Sports Buzzer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလန်တန်ဘက်ချ်ရဲ့ ဖော်ပြချက်အရ လေနိုက ဖူလ်ဟမ်ထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ယနေ့မနက်ပိုင်းမှာပဲ ခေါင်းညိတ်လိုက်ပြီး ဖူလ်ဟမ်ကလည်း လေနိုအတွက် အာဆင်နယ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကာ မကြာခင်မှာပဲ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရရန် နီးစပ်နေပြီး ဖူလ်ဟမ်က လေနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေကြောင်း သိရပါတယ်။