အမေရိကန် နာမည်ကြီး ကုမ္ပဏီတခု ဖြစ်တဲ့ Fenway Sports Group (FSG)က သူတို့တွေ ပိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးကို အရောင်းစာရင်း တင်လိုက်ပြီး ဝယ်လက် ရှာဖွေနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

Fenway Sports Group (FSG)က ၂၀၁၀ခုနှစ်မှာ လီဗာပူးကို ပေါင် ၃၀၀သန်းထဲနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အသင်းကို ၁၂နှစ်တာ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ အထည်ကြီးပျက်အသင်း အဖြစ် ကနေ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

FSGရဲ့ လီဗာပူးကို ပိုင်ဆိုင်နေစဉ် ကာလအတွင်းမှာ လုပ်ခဲ့တဲ့ အကောင်းဆုံးသော လုပ်ရပ်က ၂၀၁၅ခုနှစ်မှာ အသင်းကြီးတွေ အားလုံး လိုချင်နေကြတဲ့ ကလော့ပ်ကို အသင်းဆီ ရောက်လာအောင် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ကလော့ပ် ရောက်လာမှု ၊ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ခဲ့မှုတို့ကြောင့်ပဲ လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း အဖြစ် ပြန်လည် ရပ်တည်နိုင်ခဲ့တာပါ။

ဆုဖလားတွေ ဆက်တိုက် ရရှိလာမှုနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း တသင်း ပြန်ဖြစ်လာမှုတို့ကြောင့်ပဲ လီဗာပူးရဲ့ တန်ကြေးဟာ ပေါင် ၃.၃ ဘီလီယံကျော် အထိ ရှိလာခဲ့ပြီး လက်ရှိမှာတော့ FSGက လီဗာပူးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဆိုပါတယ်။

Photo Credit: Mirror

အွန်စတိန်းရဲ့ ဖော်ပြချက်အရ FSGက လီဗာပူးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်သလို သူတို့ရဲ့ အဆက်အသွယ်တွေ ကနေ တဆင့် လီဗာပူး အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပြီး ဥရောပ နာမည်ကြီး သန်းကြွယ်သူဌေးတွေ ၊ အာရပ်သူဌေးတွေနဲ့ ဗြိတိန်သူဌေးတွေက လီဗာပူးကို ဝယ်ယူဖို့ အပြိုင်အဆိုင် ချိတ်ဆက်လာကြကြောင်း သိရပါတယ်။

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ FSGက ယခုနှစ် အတွင်းမှာပဲ အာရပ်သူဌေး တယောက်ရဲ့ ပေါင် ၂.၅ ဘီလီယံ ဝန်းကျင် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ဖူးကြောင်း သိရတာကြောင့် FSGဟာ လီဗာပူး အတွက် အနိမ့်ဆုံး ပေါင် ၄ဘီလီယံ ဝန်းကျင် အထိ လိုချင်ဖွယ် ရှိပါတယ်။