ယမန်နေ့မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အမှတ်မထင် အနိုင်ရသွားခဲ့တဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ရဲ့ နောက်ခံလူ တဦး ဖြစ်သူ ဖရိုင်းကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အနီးကပ် မြင်တွေ့လိုက်ရချိန်မှာ မယုံကြည်နိုင်တဲ့ ခံစားချက်မျိုး ခံစားလိုက်ရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် မစ်ဒယ်ဘရော့ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ခြေစွမ်းပိုင်းမှာ အပြတ်အသတ် အသာရခဲ့ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေ ၊ မစ်ဒယ်ဘရော့ နောက်ခံလူတွေနဲ့ ဂိုးသမားရဲ့ အကောင်းမွန်ဆုံး ပုံစံတွေကြောင့် သာမန် ပွဲကစားချိန် အတွင်းမှာ ၁-၁ စီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Sportskeeda

အဲ့ဒီနောက် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားရာမှာလည်း နှစ်သင်းစလုံးက သွင်းဂိုးတွေ မသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ မစ်ဒယ်ဘရော့က ၈-၇ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နောက်တဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ မစ်ဒယ်ဘရော့ ဗဟိုနောက်ခံလူ ဖရိုင်းဟာ ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပြီး ဖရိုင်းကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို အကောင်းမွန်ဆုံး ပုံစံနဲ့ ထိန်းချုပ်နိုင်ခဲ့သလို အနီးကပ်လည်း မြင်တွေ့ခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်တဲ့ ခံစားချက်မျိုး ခံစားခဲ့ရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

Photo Credit: Sportskeed

ဖရိုင်းက – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က ရိုနယ်ဒိုကို စေ့စေ့တောင် မကြည့်ရဲခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ကြည့်လိုက်မိတဲ့ အချိန်မှာတော့ တကယ့် လူသားအစစ် တဦးလို့တောင် မထင်တော့ပါဘူး။ ကျွန်တော် ပြောချင်တဲ့ စကားရဲ့ အဓိပ္ပါယ်ကို သိကြတယ်မလား။ သူက အပြင်မှာ အတော်လေးကို ချောပါတယ်။ သူ့ကို မြင်လိုက်တဲ့ အချိန်မှာပဲ ကျွန်တော်က ဝိုးလို့တောင် အော်မိသွားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။