ဒီနှစ်ဘောလုံးရာသီအတွင်း ဒဏ်ရာပြသာနာ ကင်းစင်နေချိန်မှာတောင် အသင်းအတွက် ပွဲထွက်ကစားပေးခွင့်တွေ မရရှိလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ လာမယ့်နွေစျေးကွက်အတွင်းမှာတော့ အသင်းကနေ ထွက်ခွာဖွယ်ရှိနေရာ သူ့ကိုလည်း မန်စီးတီးအသင်းနည်းပြဟောင်း ပယ်လီဂရီနီ ကိုင်တွယ်လို့နေတဲ့ ရီးရဲလ်ဘက်တစ်အသင်းကနေ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Man Utd Core

အသက်(၂၇)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်တတ်ရတဲ့ ကစားသမားတစ်ဦးဆိုပေမယ့် ယူနိုက်တက်နည်းပြ ဆိုးရှားလ်က အသင်းရဲ့ခံစစ်မှာ အသင်းခေါင်းဆောင် မက်ဂွိုင်းရားနဲ့ လင်ဒီလော့တို့ (၂)ဦးကိုသာ ဦးစားပေး အသုံးပြုနေတာကြောင့် ဒီအခြေအနေကို ဘိုင်လီကိုယ်တိုင် စိတ်ပျက်လာခဲ့ပြီး အသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေခြင်းကိုတောင် ဘိုင်လီဘက်ကနေ ပယ်ချထားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေ ရှိနေတဲ့ ဘိုင်လီကို လာလီဂါကလပ် ဘက်တစ်အသင်းကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Afroballers

အက်စပန်ညိုနဲ့ ဗီလာရီးရဲလ်တို့လို လာလီဂါကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နောက်ခံလူဘိုင်လီကို ဘက်တစ်အသင်းဘက်ကနေ အလိုရှိနေတာဖြစ်ပြီး ဒီနှစ်ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ခံစစ်ကစားသမား အိုင်ဆာမန်ဒီရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဘက်တစ်အသင်းက ဘိုင်လီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၃)သန်းဝန်းကျင်လောက်အထိ အသုံးပြုပြီး ကမ်းလှမ်းဖို့ရှိနေသလို ယူနိုက်တက်ဘက်ကလည်း ၂၀၂၂ခုနှစ်အထိသာ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ဘိုင်လီကို သက်တမ်းတိုးဖို့ မလွယ်ကူတော့ရင် လာမယ့်စျေးကွက်မှာပဲ အသင်းကနေ အမြန်ရောင်းချရတော့မှာဖြစ်ပါတယ်။ ဘိုင်လီကလည်း ဒီနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၈)ပွဲလေးသာ ပါဝင်ကစားထားရပြီး ပြိုင်ပွဲစုံမှာဆိုရင်လည်း (၁၅)ပွဲသာ ပါဝင်ကစားထားရပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာလည်း ခံစစ်မှူးသစ်တစ်ယောက်ကို ထပ်မံခေါ်ယူဖို့ ရှိနေတာကြောင့် နေရာပျောက်ဖို့ သေချာနေတဲ့ ဘိုင်လီအနေနဲ့ အသင်းနဲ့ လမ်းခွဲဖို့က ဖြစ်နိုင်ခြေများနေပါတယ်။