အောင်မြင်ကျော်ကြားတဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ုဆိုတာ ခက်ခဲလွန်းပါတယ်။ ပိုဆိုးတာက ကမ္ဘာကျော်ဘောလုံးအသင်းကြီးတွေမှာ ပုံမှန်နေရာတစ်နေရာကို အခိုင်အမာရယူထားနိုင်တဲ့ ကစားသမားမျိုး ဖြစ်ဖို့ဆိုတာ ပိုပြီးတောင်ခဲယဉ်းပါတယ်။ ဒါပေမယ့် အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ အယ်ဖွန်ဆိုဒေးဗီစ်ဆိုတဲ့ ချာတိတ်လေးကတော့ လက်ရှိ ဘိုင်ယန်မြူးနစ်လို ကမ္ဘာ့ထိပ်သီးအသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်တွေကို ပိုင်ဆိုင်နေတဲ့အပြင် လတ်တလော ဆယ်ကျော်သက် ကစားသမားလေးတွေထဲမှာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူလို့ပါ သတ်မှတ်ခံထားရသူဖြစ်နေလို့ ဒီကစားသမားလေးရဲ့ ဘဝဖြတ်သန်းမှုတွေအကြောင်းတွေ လေ့လာပြီးတင်ဆက်ပေးသွားချင်ပါတယ်။

 

အသက်၁၉နှစ်သာရှိသေးတဲ့ အယ်ဖွန်ဆိုဘွိုင်းလ်ဒေးဗီစ်ဆိုတဲ့ နောက်ခံအစွန်လူလေးဟာ အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဂါနာနိုင်ငံရဲ့ဒုက္ခသည်စခန်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ ဒေးဗီစ်လေးရဲ့မိဘတွေက လိုက်ဘေးရီးယားနိုင်ငံသားတွေဖြစ်ပါတယ်။ လိုက်ဘေးရီးယားနိုင်ငံမှာ ဒုတိယမြောက် ပြည်တွင်းစစ်ဖြစ်ပြီးနောက် ဂါနာနိုင်ငံမှာ လာရောက်ခိုလှုံရင်းနဲ့ ဒေးဗီစ်ကို မွေးဖွားခဲ့တာဖြစ်ပြီး ဒေးဗီစ် ၅နှစ်သားအရွှယ်လောက်မှာတော့ သူ့မိသားစုတွေအားလုံးက ဂါနာကနေ ကနေဒါနိုင်ငံဆီကနေ ထပ်မံခိုလှုံလာခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ ဒေးဗီစ်က ကနေဒါနိုင်ငံသားအဖြစ် တရားဝင်သတ်မှတ်ခံခဲ့ရပါတယ်။

ကနေဒါနိုင်ငံကို ရောက်ရှိလာချိန်ကြမှ ဒေးဗီစ်အတွက် အခွင့်အလမ်းတွေက ရရှိလာခဲ့့ရတာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဘောလုံးအားကစားကို အရူးအမူးဝါသနာပါခဲ့တဲ့ ဒေးဗီစ်ဟာ ကနေဒါကို ရောက်ချိန်မှာ ဘောလုံးသမားဖြစ်လာဖို့ ပိုမိုနီးကပ်လာခဲ့ပြီး အသက်၁၄နှစ်အရွှယ်မှာပဲ ကနေဒါအခြေစိုက် မေဂျာလိဂ်ကလပ် ဝှိုက်ကတ်စ်အက်စ်စီရက်ဆီးဒန့်ဆီအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ အဲ့ဒီနောက် တစ်ရာသီအကြာမှာ ဗန်ကူဗားဝှိုက်ကတ်စ်အက်စ်စီအသင်းဆီ ရောက်ရှိလာခဲ့ပြီး ၂ရာသီပါဝင်ကစားပြီးနောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကာ ဂျာမန်ဘွန်ဒက်လီဂါဆီ ရောက်ရှိလာခဲ့ပါတယ်။ ဘိုင်ယန်ဆိုတာကလည်း ကမ္ဘာပေါ်က ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကြီးဖြစ်လို့ ဒီလိုအသင်းမျိုးမှာ နေရာရဖို့ မလွယ်လောက်ဘူးလို့ ထင်ခဲ့ရပေမယ့် အခုတော့ အသက်၂၀မပြည့်သေးခင်မှာပဲ ဒေးဗီစ်က ဘိုင်ယန်ရဲ့ Line-up ဝင် ကစားသမားတစ်ယောက်ဖြစ်နေခဲ့ပြီး ဘယ်နောက်ခံလူအဖြစ်သာမကပဲ ဘယ်တောင်ပံနေရာမှာ ကစားတတ်လို့ ရော်ဘင်တို့ ရီဘာရီတို့ရဲ့ခြေရာကိုနှင်းနိုင်မယ့် ဖြစ်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။