အာဆင်နယ် အသင်း ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ အမန်နျုးရယ် ဖရင်ပေါင် က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းကို ကစားသမားအသစ်တွေ ထပ်ဖြည့်တာကို မြင်ချင်နေပြီးတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် တိုက်စစ်မှူး အစ္စကို က အာဆင်နယ် အသင်းအတွက် သင့်‌တော်ပြီး‌တော့ အသင်းကို အကောင်းဆုံး ကူညီနိုင်လိမ့်မယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ ၁၉၇၄-၇၅ ရာသီပြီးရင် ယခုလက်ရှိရာသီဟာ အသင်းရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ရာသီစတင်မှု လို့တောင် ဆိုနိုင်ပါတယ်။ အသင်းရဲ့ ကစားသမားတွေ အပေါ်မှာကော၊ နည်းပြ အပေါ်မှာကော အခုလက်ရှိ အခြေအနေတွေကြောင့် ဖိအားတွေ ဝင်နေခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit: Standard

အာဆင်နယ် အသင်းရဲ့ အကယ်ဒမီထွက် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်သူ ဖရင်ပေါင် ကတော့ အာဆင်နယ် အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပဲ သုံးသပ်ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ အနေနဲ့ ကွင်းလယ်ဗဟို၊ တောင်ပံခံစစ်ကစားသမားတွေ နဲ့ ကွင်းလယ် ကစားသမားတွေကို လိုအပ် နေတာပါ။ ကစားသမား အသစ်တွေ ထပ်ခေါ်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုရင် ခံစစ်ပိုင်းက အားနည်းနေတယ်လို့ ကျွန်တော် ထင်တယ်ဗျ။ တစ်ခြား ပြိုင်ဘက် အသင်းတွေက တိုက်စစ် ဆင်လိုက်တာနဲ့ ကျွန်တော်တို့ နောက်တန်းက မလုံတော့ဘူး။ အသင်းမှာ ဒီပြဿနာ ရှိနေတာက နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ကျွန်တော်တို့ အခုချိန်ထိ အဲ့ဒီ ပြဿနာ ကို မရှင်းနိုင်သေးဘူး။ အခုလက်ရှိမှာ အရည်အချင်း ရှိတဲ့ ကစားသမားတွေကို ခေါ်ယူတာကသာ အသင်းကို ကူညီနိုင်တဲ့ တစ်ခုတည်းသော အရာ ဖြစ်ပါလိမ့်မယ်။ အစ္စကိုက သက်သေပြနိုင်တဲ့ ကစားသမားမျိုးပါ။ သူ စပိန်အတွက် ကစားပေးတယ်၊ ချန်ပီယံလိဂ် ဖလား ရခဲ့တယ်။ သူကပဲ အာဆင်နယ်ကို သေချာပေါက် ကူညီ နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာက ကျွန်တော်တို့က တိုက်စစ်ကို လိုအပ်နေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ခံစစ် လိုအပ်နေတာပါ ” လို့ အကြံပြုခဲ့ပါတယ်။

Photo Credit: Standard

ဆက်လက်ပြီး ဖရင်ပေါင် က အာဆင်နယ် အသင်းရဲ့ လက်ရှိ ကစားသမားတွေ နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။ “ကစားသမားတွေကလည်း လုံလောက်အောင် မကောင်းကြပါဘူး။ ကျွန်တော် အာဆင်နယ် အသင်းမှာ ရှိစဉ်က သာမန် အရည်အချင်းမျိုးသာ ရှိတဲ့ ကစားသမားလေးတွေ ရှိခဲ့တယ်။ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးမှာတောင် ဒီလို ကစားသမားတွေက ရှိစမြဲပါ။ ဒါပေမယ့် အာဆင်နယ် အသင်းကို ကြည့်လိုက်ရင်၊ ဘယ်သူတွေက အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေလဲ? အာဆင်နယ် အသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားလုံးဝ မရှိဘူး။ ခင်ဗျား အနေနဲ့ ‘ငါ ဆိုဖာပေါ်မှာထိုင်နေရာက ထပြီး ဒီကောင်လေး ကစားတာကို အပြင်မှာ သွားကြည့်မယ်’ လို့ အထိ ဆိုရလောက်တဲ့ ကစားသမားမျိုး အာဆင်နယ် မှာ မရှိဘူး။ အဲ့ဒါကပဲ ပြဿနာပါ။ ကစားသမားတွေက အာဆင်နယ်လို အသင်းမျိုး အတွက် လုံလောက်တဲ့ အရည်အချင်းမရှိကြပါဘူး။ လူအသစ်တွေ မခေါ်သေးသ၍ ကတော့ အာဆင်နယ် အသင်း ဆက်ပြီး ရုန်းကန် နေရအုန်းမှာပါပဲ။ ပြဿနာက နည်းပြ မဟုတ်ဘူးဗျ။ ကစားသမားတွေ ကိုယ်တိုင်က အသင်းအတွက် ကစားပေးဖို့ အရည်အချင်း မရှိတာပါ”