အာဂျင်တီးနားလူမျိုး နည်းပြတစ်ယောက်ဖြစ်တဲ့ မာရီစီယိုပိုချက်တီနိုဟာ စပါးအသင်းရဲ့နည်းပြအဖြစ်နဲ့ ဆောင်ရွှက်ခဲ့စဉ်တုန်းက မှတ်မှတ်ရရ အသင်းရဲ့ ကွင်းအသစ်စီမံကိန်းကြောင့် ကစားသမားသစ်တွေ ခေါ်ယူခွင့်မရှိခဲ့တဲ့ ဘောလုံးရာသီမှာ သူရဲ့အသင်းကို ရှိတဲ့လူအင်အားလေးနဲ့ပဲ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ရောက်ရှိသွားအောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကိုတော့ သမိုင်းဝင်အောင်မြင်မှုကြီး ဖြစ်စေနိုင်မယ့် ချန်ပီယံလိဂ်ဖလားကြီးကိုတော့ အရယူပေးနိုင်ခြင်းမရှိပဲ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Daily Express

ပိုချက်တီနိုဟာ ဘောလုံးသမားဘဝတုန်းကလည်း အက်စပန်ညို ပီအက်စ်ဂျီ ဘော်ဒိုးနဲ့ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပေမယ့် အက်စပန်ညိုနဲ့ ကိုပါဒယ်ရေးဖလား ပီအက်စ်ဂျီနဲ့ အင်တာတိုတိုဖလားတို့သာ ရယူနိုင်ခဲ့ပြီး အဓိကဆုဖလားတွေကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ကစားသမားဘဝကနေ အနားယူပြီး နည်းပြဘဝထဲကို ပြောင်းလဲဝင်ရောက်လာချိန်မှာလည်း ပိုချက်တီနိုဟာ သူကိုင်တွယ်ခဲ့ရတဲ့ အသင်းတွေကို အကောင်းဆုံးအနေအထားတစ်ခုထိရောက်အောင် တွန်းတင်နိုင်ခဲ့ပေမယ့် ဆုဖလားတွေနဲ့ ကံမစပ်တတ်တဲ့ သူရဲ့ကံကြမာကိုတော့ အလှည့်အပြောင်း မလုပ်နိုင်သေးပါဘူး။

Photo Credit : France24 News

နည်းပြဘဝအတွင်း အက်စပန်ညို ဆောက်သမ်တန်နဲ့ စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ပိုချက်တီနိုဟာ စပါးကို ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ လိဂ်ဖလားဗိုလ်လုပွဲနဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေရောက်အောင် ပို့ဆောင်နိုင်ခဲ့ပေမယ့်လည်း ဒီဗိုလ်လုပွဲနှစ်ခုလုံးမှာတော့ ဒုတိယနေရာတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခုတော့ ပိုချက်တီနိုဟာ သူကစားသမားဘဝတုန်းက ကျင်လည်ခဲ့ဖူးတဲ့ အသင်း နောက်တနည်းဆိုရရင် သူနဲ့အလှမ်းဝေးနေတဲ့ ဆုဖလားတွေနဲ့ အနီးဆုံးဖြစ်နေမယ့် အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလို့နေပါပြီ။ ဒီအသင်းအတွက် လီဂူးပွဲ(၂)ပွဲလေးသာ ကိုင်တွယ်ထားခဲ့ရတဲ့ ပိုချက်တီနိုဟာ ဒီနေ့ညမှာပဲ သူရဲ့နည်းပြဘဝ တတိယမြောက်ဗိုလ်လုပွဲတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာဖြစ်သလို သူ့အတွက် ပထမဆုံး ဆုဖလားတစ်လုံးကိုလည်း ကိုင်မြှောက်နိုင်ဖို့က လက်တစ်ကမ်းအကွာကို ရောက်နေပါပြီ။ ဒါပေမယ့် သူရဲ့ပီအက်စ်ဂျီအသင်း ရင်ဆိုင်ရမှာက မာဆေးလ်ပါ။ ပြင်သစ်ရဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ မာဆေးလ်ကို အလွယ်တကူ အနိုင်ရမှာမဟုတ်ပဲ ခက်ခက်ခဲခဲနဲ့ အကြိတ်အနယ် ကစားရမှာဖြစ်တဲ့အပြင် ပိုချက်တီနိုရဲ့ ဗိုလ်လုပွဲကြမာဆိုးတွေကလည်း ဒီပွဲမှာပါ ရိုက်ခတ်နေဦးမလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီဆုဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီနည်းပြဘဝ တာထွက်က ဆုဖလားတစ်လုံးနဲ့အတူ အရမ်းကို လှပသွားနိုင်မှာ ဖြစ်ပေမယ့်လည်း ဒုတိယပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ပိုချက်တီနိုရဲ့ အနှစ်(၂၀)အကြာ တကျော့ပြန် ပဲရစ်အပြန်ခရီးလမ်းက ပိုကြမ်းတမ်းသွားနိုင်ပါတယ်။