များမကြာမီ ရက်ပိုင်းအတွင်းမှာ ဥရောပရဲ့ ထိပ်သီးလိဂ်ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲဟာ လက်ရှိ ဘောလုံး ရာသီကို ကိုရိုနာဗိုင်းရပ် ဂယက်ကြောင့် အပြီးတိုင် ဖျက်သိမ်းလိုက်ပြီးလို့ ကြေညာခဲ့တာကို ပရိသတ်တွေ အားလုံးလည်း သိရှိကြမှာပါ။ ပြင်သစ်နိုင်ငံဟာ Covid-19 လို့ ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရတဲ့ နိုင်ငံတွေထဲမှာ ကူးစက်မှုနှုန်း မြင့်မားတဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပြီး ပရိသတ်အများစု လာ​ကြည့်လေ့ရှိတဲ့ ဘောလုံးပွဲစဉ်တွေကို ဖျက်သိမ်းခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ် ပျံ့နှံ့ကူးစက်မှုကို အတော်လေး ထိန်းချုပ်နိုင်မယ်လို့ ပြင်သစ်အစိုးရအဖွဲ့က ယူဆခဲ့ကြပါတယ်။

Photo Credit: Mirror.com

ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ပြင်သစ်နိုင်ငံရဲ့ အစိုးရအဖွဲ့ဟာ အခြားသော ဥရောပထိပ်သီးလိဂ်တွေ ဖြစ်တဲ့ ပရီးမီးယားလိဂ် ၊ ဘွန်ဒက်လီဂါ ၊ စီးရီးအေ ၊ လာလီဂါစတဲ့ ပြိုင်ပွဲတွေကိုလည်း သူတို့ရဲ့ လီဂူးဝမ်းပြိုင်ပွဲကို ဖျက်သိမ်းသလိုမျိုး ယခုနှစ် ဘောလုံးရာသီအား ဖျက်သိမ်းဖို့အတွက် တိုက်တွန်း နှိုးဆော်နေတယ်လို့ သိရပါတယ်။ အဆိုပါ နှိုးဆော်မှုကို ပြင်သစ်နိုင်ငံရဲ့ အားကစားဝန်ကြီး ဖြစ်တဲ့ Roxana Maracineanu ရဲ့ ဦးဆောင်မှုနဲ့ လုပ်ကိုင်နေတာလို့ သိရှိရပြီး ရည်ရွယ်ချက် ကတော့ ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို လျော့ချဖို့ အရေးနဲ့ ရုပ်သံလွှင့်ဌာနတွေက တောင်းဆိုလာမယ့် လျော်ကြေးငွေ ကိစ္စကို အတူတကွ ပူးပေါင်းကာ ဖြေရှင်းကြဖို့ ဖြစ်တယ်လို့ ပြင်သစ် အခြေစိုက် ဘောလုံးရေးရာ သုတေသီတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Mirror.com

အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ပြင်သစ်နိုင်ငံရဲ့ ကြိုးပမ်းမှုမှာ ပြင်သစ်သမ္မတ ဖြစ်သူ Emmanuel Macron ကိုယ်တိုင် ပါဝင် နေတယ်လို့ သိထားရပြီး Macron ဟာ အခြားသော နိုင်ငံတွေက အစိုးရအဖွဲ့နဲ့ အားကစား ဝန်ကြီးများကို သူကိုယ်တိုင် ဖုန်းခေါ်ဆိုကာ ဘောလုံးပြိုင်ပွဲတွေကို ဖျက်သိမ်းဖို့အတွက် တွန်းအားပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘွန်ဒက်လီဂါပြိုင်ပွဲဟာ ပြန်လည် စတင်နိုင်ဖို့ ကြိုးပမ်းနေသလို လာလီဂါပြိုင်ပွဲနဲ့ စီးရီးအေပြိုင်ပွဲကလည်း မကြာခင်မှာ ပြန်လည် စတင်တော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ် ကတော့ ပြန်လည်စတင်မယ် ၊ မစတင်ဘူးဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။