ဥရောပ ပါလီမန် အဖွဲ့ဝင်ဟောင်း နဲ့  ပြင်သစ် နိုင်ငံရေးသမား ဖြစ်သူ ကွန် ဘန်ဒစ်ကတော့ ဘောလုံး လောကရဲ့ ဈေးကွက်ဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြောင်းလဲသွားမှာ ဖြစ်ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေရဲ့ တန်ဖိုးက အများဆုံး ယူရို သန်း (၄၀) ပဲ ရှိမယ်လို့ ပြောသွားပါတယ်။ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်သွားဖို့ သတင်းတွေ ထွက်ခဲ့စဉ်က သူ့ရဲ့ တန်ကြေးက အလွန် မြင့်မားနေခဲ့ပြီး အပြောင်းအရွေ့ ဈေးကွက်မှာ သူ့ရဲ့ တန်ကြေး ယူရို သန်း (၃၀၀) ရှိခဲ့ပါတယ်။

Photo Credit: Goal

ဘောလုံး ဈေးကွက်မှာ အပြောင်းအရွေ့ကြေး အများဆုံး ကစားသမားမှာ တိုက်စစ်မှူး နေမာ ဖြစ်ပြီး နေမာဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီ အသင်းကို ယူရို (၂၂၂) သန်း အပြီးသတ် ပြောင်းလာခဲ့စဉ်က ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး ဖြစ်သွားခဲ့ပါတယ်။ အမ်ဘာပေဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် တန်ကြေး အလွန် များတယ် ဆိုတာ မှန်နေပေမဲ့ ဥရောပ ပါလီမန် အဖွဲ့ဝင်ဟောင်း နိုင်ငံရေးသမား ကွန် ဘန်ဒစ်ကတော့ ကိုရိုနာ ရောဂါကြောင့် အမ်ဘာပေရဲ့ အမြင့်ဆုံး ပြောင်းရွေ့ကြေးက ယူရို သန်း (၄၀) ပဲ ရှိတော့မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ပြင်သစ် အခြေစိုက် Ouest France သတင်းမှာ ကွန် ဘန်ဒက်စ်က “ဒီကပ်ရောဂါက အားကစား လောကရဲ့ ငွေကြေး ယုတ္တမရှိမှုကို သန့်စင်သွားလိမ့်မယ်။ အနုမြူးလက်နက်နဲ့ တိုက်ခိုက်သလို ဖြစ်လာမှာ ဖြစ်ပြီး ပြန်လည် တည်ဆောက်ဖို့ လိုလိမ့်မယ်။ လာမယ့် နေ့တွေမှာ အမ်ဘာပေဟာ တန်ကြေး အများဆုံး ယူရို သန်း (၃၀-၄၀) ကြားပဲ ရှိတော့မှာ ဖြစ်ပြီး ယူရို သန်း (၂၀၀) ကျော်မှာ မဟုတ်တော့ပါဘူး။ ဘယ်အသင်းက သူ့ကို ဝယ်နိုင်မှာလဲ။ စည်းမျဉ်းစည်းကမ်းသစ်တွေ ရှိလာဦးမှာ ဖြစ်ပါတယ်။ လစာ အလွန် ကွာဟမှုကိုလည်း ဖြေရှင်းဖို့ လိုလာလိမ့်မယ်။ ကစားသမားတွေရဲ့ လစာသာမက သူတို့ရဲ့ ပုံရိပ် နဲ့ ကြော်ငြာလည်း ဖြေရှင်းဖို့ လိုလာမှာပါ။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးဆန်တဲ့ မန်နေဂျာတွေရဲ့ စနစ်ကိုလည်း ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်”လို့ ပြောသွားပါတယ်။