ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့လို့ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေရတဲ့ ဝါရင့်ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကစားသမား မာရီယိုဂေါ့ဇီကို ကလပ်အသင်းပေါင်းများစွာကို ခေါ်ယူချင်နေပြီး ဒီအသင်းတွေထဲမှာ နာမည်ကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းလည်း ပါဝင်နေကာ ကမ်းလှမ်းမှုတစ်ရပ်ကိုလည်း ပြုလုပ်လာခဲ့ရာ ဂေါ့ဇီဘက်ကနေ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Deutsche Welle

အသက်(၂၈)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားဂေါ့ဇီဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ အသင်းဟောင်းဒေါ့မွန်ဆီကို ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ရသလို အသင်းနဲ့ကလည်း စာချုပ်သက်တမ်း ကုန်ဆုံးခါနီးကို ရောက်ရှိလာခဲ့တဲ့အတွက် သက်တမ်းတိုးဖို့ထက် အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဂေါ့ဇီကို ဘက်ခမ်းရဲ့အင်တာမိုင်ယာမီအသင်းကနေ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့ ကမ်းလှမ်းလာခဲ့ပေမယ့် ဂေါ့ဇီကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့တယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Laziali

ဂျာမန်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ဖူးတဲ့အပြင် ဘွန်ဒစ်လီဂါချန်ပီယံဆုကို (၅)ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့တဲ့ ဂေါ့ဇီဟာ သူ့လိုပဲ ကမ္ဘာ့ဖလားဆုရ ကစားသမားတစ်ယောက်ဖြစ်တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား မာတွီဒီနဲ့အတူ အင်တာမိုင်ယာမီအသင်းမှာ တွဲဖက်ကစားရဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ငြင်းဆန်ပယ်ချသွားခဲ့ကာ ဥရောပမှာပဲ ဆက်လက်ကစားသွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာလည်း ဂေါ့ဇီကို ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းနဲ့ စီးရီးအေကလပ် ရိုးမားအသင်းတို့ကနေလည်း အပြိုင်စိတ်ဝင်စားနေကြပြီး ဂေါ့ဇီကလည်း မကြာခင်မှာပဲ သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖွယ် ရှိလို့နေပါတယ်။ ဂေါ့ဇီလို ဥရောပအတွေ့အကြုံရင့် ကစားသမားတစ်ယောက်ကို မခေါ်ယူနိုင်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းကတော့ လတ်တလောမှာ စျေးကွက်အတွင်း ကစားသမားသစ်တွေ များစွာခေါ်ယူအားဖြည့်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပြီး ဝါရင့်ကွင်းလယ်လူကြီး မာတွီဒီကို ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ဝါရင့်ဘရာဇီးတောင်ပံကစားသမား ဝီလီယံကိုပါ ထပ်မံခေါ်ယူနိုင်ဖို့အတွက် ကြိူးပမ်းလျက်ရှိနေပါတယ်။