လက်ရှိမှာ ဇူလိုင်လထဲကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် ဘောလုံးသမားအများစုက သူတို့ရဲ့ သက်ဆိုင်ရာကလပ်အသင်းတွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးသွားခဲ့ရပြီး Free Agent ကစားသမားတွေ ဖြစ်လာခဲ့ရပါတယ်။ ဒါကြောင့် လတ်တလောမှာ Free Agent ဖြစ်နေရတဲ့ နာမည်ကျော်ဘောလုံးသမားများ အဲ့ဒီဘောလုံးသမားတွေထဲကမှ ဂိုးသမားတွေကို အရင်ဆုံးဖော်ပြပေးသွားချင်ပါတယ်။

ဒွန်နာရမ်မာ

အသက်(၂၂)အရွှယ်သာ ရှိနေသေးတဲ့ World Class အဆင့် ဂိုးသမားကောင်းတစ်ယောက်ကို အခုလို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်လိုက်ရတာကတော့ အေစီမီလန်အသင်းအတွက် အတော်လေးကို နစ်နာစေရပါတယ်။ ဒွန်နာရမ်မာဟာ Free Agent ကစားသမားတစ်ဦး ဖြစ်နေပေမယ့် လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေးကို နီးစပ်လျက် ရှိနေပြီဖြစ်ပါတယ်။

ပေါ်လိုဂါဇာနီဂါ

၂၀၁၇ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနားဂိုးသမား ပေါ်လိုဂါဇာနီဂါကတော့ လက်ရှိမှာ စပါးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံံးသွားခဲ့ပြီဖြစ်လို့ Free Agent ဖြစ်သွားခဲ့ရပါတယ်။ အသက်(၂၉)နှစ်သာ ရှိနေသေးတဲ့ ဂါဇာနီဂါကို စပိန်လာလီဂါ ကလပ်အသင်းများစွာကနေ အလိုရှိနေကြပြီး မကြာခင်မှာပဲ သူရဲ့အသင်းသစ်တစ်သင်းကို ရွေးချယ်သွားဖွယ် ရှိလို့နေပါတယ်။

ဆာဂျီယိုရိုမဲရိုး

မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ အာဂျင်တီးနား ဝါရင့်ဂိုးသမားကြီး ရိုမဲရိုးကတော့ တကယ့်ကို အတွေ့အကြုံရင့် ဂိုးသမားကောင်းတစ်ယောက် ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာပဲ သူ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေသွားနိုင်ဖွယ် ရှိနေပါတယ်။ အသက်(၃၄)နှစ်အရွှယ်ရှိ ဂိုးသမားရိုမဲရိုးကို ဂျုဗင်တပ်စ်အသင်းက အလိုရှိနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေကလည်း စောင့်ကြည့်လို့နေပါတယ်။

ဝိန်းဟန်နက်ဆီ

ဝေးလ်စ်လက်ရွေးစင်ဟောင်း ဝါရင့်ဂိုးသမားကြီး ဟန်နက်ဆီကတော့ ကစားသမားများစွာနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာလာခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ပဲလေ့စ်အသင်းအတွက် လိဂ်ဖလားပွဲတစ်ပွဲတည်းကိုသာ ပါဝင်ကစားထားခဲ့ရပါတယ်။ ပွဲထွက်ကစားခွင့်တွေ သိပ်မရထားတဲ့ ဟန်နက်ဆီကိုတော့ လိဂ်ချန်ပီယံရှစ်အသင်းတွေလောက်ပဲ ခေါ်ယူဖွယ် ရှိနေပါတယ်။

တွမ်ဟီတန်

အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရတဲ့ အင်္ဂလန်ဂိုးသမား တွမ်ဟီတန်ကတော့ လက်ရှိမှာ Free Agent ဂိုးသမားတစ်ယောက် ဖြစ်နေရပေမယ့် သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်လည်ရောက်ရှိသွားဖို့ အနီးစပ်ဆုံး ဖြစ်နေရပြီး မကြာခင်မှာပဲ ယူနိုက်တက်အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိနေပါတယ်။