မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဖရက်က FourFourTwo သတင်းနဲ့ အင်တာဗျူးခဲ့ကြတဲ့ အချိန်မှာ မန်ယူအသင်းမှာ ဆက်နေပြီး ဆုဖလားတွေ ရရှိချင်တယ်လို့ ပြောခဲ့ပြီး ကွင်းလယ် ကစားသမား ဗန်ဒီဘီ ရောက်ရှိလာမှုက အသင်းကို ပိုပြီး အားကောင်းစေတယ်လို့လည်း ပြောခဲ့ပါတယ်။ မန်ယူအသင်းဟာ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ တွန်မီနေး၊ မာတစ် နဲ့ ကစားသမားသစ် ဗန်ဒီဘီတို့လို ကွင်းလယ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားကြတာကြောင့် ကွင်းလယ်လူ ဖရက်အနေနဲ့ လာမယ့် ရာသီမှာ မန်ယူအသင်းမှာ ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်ရမယ့် အနေအထားမှာ ရှိပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖရက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်းဖော် ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ ပေါ့ဘာ နဲ့ တွန်မီနေးတို့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၄၈) ပွဲ အထိ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂) ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖရက်ဟာ လက်ရှိရာသီမှာတော့ အသင်းဖော် ကွင်းလယ် ကစားသမားတွေ ကြံခိုင်မှု ပြည့်ဝလာကြပြီ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ ရာသီကလို ပွဲထွက်ခွင့် ရရှိဖို့ မသေချာတာပေမယ့် မန်ယူအသင်းမှာ ဆက်နေပြီး ဆုဖလား ရရှိချင်တယ်လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဖရက်က “ကျွန်တော် ဒီအသင်းမှာ ရှိနေချင်ပါတယ်။ ဒီဟာက ကျွန်တော့်ရဲ့ ဆန္ဒပါပဲ။ ကျွန်တော် အသင်းက မထွက်ချင်ပါဘူး။ ကျွန်တော် အမြဲ ပြောခဲ့ဖူးသလိုပဲ၊ ဒီအသင်းအတွက် ဆုဖလားတွေ ရယူပေးချင်ပြီး အရေးကြီးတဲ့ ကစားသမား ဖြစ်ချင်ပါတယ်။ ဗန်ဒီဘီ ရောက်လာတော့ အသင်းက ပို အားကောင်းသွားပြီး ဒါက မန်ယူအသင်းက လူတိုင်းအတွက် ကောင်းပါတယ်။ အသင်းကြီး တစ်သင်းမှာ ကစားရပြီ ဆိုရင် ပြိုင်ဆိုင်မှု အမြဲတမ်း ရှိပါတယ်။ ကျွန်တော် ဒါနဲ့ နေသာကျနေပါပြီး။ ဒီဟာမျိုးက မန်ယူအသင်းမှာ ပထမဆုံးနေ့ကတည်းက ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီရာသီအတွက် ကစားသမားတွေ လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် ဒီရာသီက ပိုပြီး ပြင်းထန်မှု များလာတော့မှာပါ။ ပွဲကျပ်မှာ ဖြစ်ပြီး ဖလားတိုင်းကို ယှဉ်ပြိုင်ဖို့ အားကောင်းတဲ့ အသင်း ဖြစ်ရပါမယ်”လို့ ပြောပါတယ်။