ဒီနေ့ည (၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်လိဒ်စ်အသင်းဘက်က ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာကို မပါဝင်လာစေချင်ဘူးလို့ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးကွင်းလယ်လူ ဖရက်ဒ်က ပြောဆိုလိုက်ပြီး တကယ်လို့ ပါဝင်လာမယ်ဆိုရင်တော့ သူ့ကို အဓိကထားပြီး ကပ်ကစားသွားရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဒီနှစ်ဘောလုံးရာသီကမှ လီဂူးကလပ် ရန်းစ်အသင်းကနေ လိဒ်စ်အသင်းကို ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာဟာ သူရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝ တာအထွက်မှာပဲ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ပြီး ဒီရာသီအတွင်း အသင်းအတွက် (၂၆)ပွဲ ပါဝင်ကစားခဲ့ကာ (၆)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ရာဖင်ညာကို တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဖရက်ဒ်က အားပေးနေလျက်ရှိပြီး သူရဲ့ခြေစွမ်းကောင်းတွေကြောင့် မကြာခင်မှာ အသင်းကြီးတစ်သင်းဆီကိုတောင် ရောက်ရှိသွားနိုင်တယ်လို့ ဟောကိန်းထုတ်လာခဲ့ပါတယ်။

Photo Credit : Getty Image

ဖရက်ဒ်က “ရာဖင်ညာ ပရီးမီးယားလိဂ်ကို စတင်ရောက်လာကတည်းက ဘရူနိုက သူ့အကြောင်းတွေကို ပြောပြလာခဲ့တော့တာ။ သူတို့နှစ်ယောက်က စပို့တင်းလစ္စဘွန်းအသင်းမှာ တွဲကစားခဲ့ဖူးတယ်လေ။ သူက တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်ပါ။ တာထွက်မှာပဲ အကောင်းဆုံးရာသီတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးပါတယ်။ ကလပ်အသင်းများစွာကလည်း သူ့ကို မျက်စိကျနေကြပါပြီ။ ကျွန်တော်လည်း သူနဲ့ မကြာခဏ ဆုံဖြစ်ပါတယ်။ တကယ့်ကို ထက်မြက်လှတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူ့ကို ပွဲထွက်ကစားသမားအဖြစ် မပါဝင်လာစေချင်ပါဘူး။ ကျွန်တော်အနေနဲ့ သူရဲ့ဒဏ်ရာအခြေအနေကနေ အမြန်ဆုံးသက်သာပါစေ ကစားသမားဘဝမှာ အောင်မြင်မှုတွေ များစွာရယူနိုင်ပါစေလို့တော့ ဆန္ဒပြုပါတယ်။ သူက လိဒ်စ်ယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ပါ။ ဒါကြောင့်လည်း သူမပါဝင်လာခြင်းက ကျွန်တော်တို့အတွက် ပိုပြီးအကျိုးရှိပါတယ်။ သူပါဝင်လာမယ်ဆိုရင်တော့ သူ့ကို ကျွန်တော်တို့တွေ ဂရုတစိုက်နဲ့ကို ကပ်ကစားရပါလိမ့်မယ်။ သူရဲ့အသင်းအပေါ် ခြိမ်းခြောက်လာမှုတွေကို ကျွန်တော်တို့ဘက်ကနေ ဟန့်တားနိုင်ဖို့ လိုပါလိမ့်မယ်” သတိပေးပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဘက်ကလည်း လာမယ့်ရာသီမှာ ရာဖင်ညာကို ခေါ်ယူသွားဖို့ စီစဉ်လာဖွယ် ရှိနေပါတယ်။