ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦးဖြစ်သူ ဖရက်ဒ်ကတော့ သူဟာ အရင်တုန်းက အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ကြိုက်ခဲ့ပေမယ့် အခုချိန်မှာ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ရိုနယ်ဒိုကိုသာ ပိုပြီး သဘောကျမိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘောလုံးလောကကို ဆယ်စုနှစ် တစုကြာ လွှမ်းမိုးနိုင်ခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီနဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုတို့ နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုဟာ ဘောလုံး သမိုင်းတလျှောက် အပြင်းထန်ဆုံး ပြိုင်ဆိုင်မှု တခု ဖြစ်ပြီး သူတို့နှစ်ယောက်စလုံးကလည်း ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၁၀ဦး စာရင်းဝင်သူတွေ ဖြစ်ကြပါတယ်။

Photo Credit: Express

မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ယောက်စလုံးဟာ ခေတ်ပြိုင် ကစားသမားတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းက ဘောလုံးလောကမှာ ရေပန်းစားသလို ဖြေရခက်တဲ့ မေးခွန်းတခု ဖြစ်ပြီး မက်ဆီကို သဘောကျသူတွေ ရှိကြသလို ရိုနယ်ဒိုကိုမှ ကြိုက်နှစ်သက်တဲ့ လူတွေလည်း ရှိကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်ကတော့ ဟိုးအရင် ဘရာဇီးလ် သတင်းဌာန တခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဆီရဲ့ ကစားပုံကို ပိုပြီး သဘောကျကြောင်း ပြောဖူးပေမယ့် ယခုအချိန်မှာတော့ ရိုနယ်ဒိုရဲ့ ကြိုးစား အားထုတ်မှုတွေ ၊ ဘောလုံးအပေါ် ထားတဲ့ ခံယူချက်တွေကြောင့် ရိုနယ်ဒိုကို ပိုပြီး သဘောကျသွားပါပြီလို့ ဆိုလာပါတယ်။

Photo Credit: Express

ဖရက်ဒ်က – “ဟိုးအရင်ကတော့ ကျွန်တော်က မက်ဆီရဲ့ ကစားပုံကို သဘောကျခဲ့တာပါ။ ဒါပေမယ့် ရိုနယ်ဒိုနဲ့ တွဲကစားပြီးတဲ့နောက် သူ့ရဲ့ အလုပ်ကြိုးစားမှုတွေ ၊ ဘောလုံးနဲ့ ပတ်သတ်ပြီး ထောင့်ပေါင်းစုံ ကနေ တိုးတက်အောင် လုပ်ဆောင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကွင်းထဲမှာဆိုရင် သူက အမြဲတမ်း သူ ရှိနေသင့်တဲ့ နေရာတခုကို ရောက်နေတတ်ပါတယ်။ သူက ကျွန်တော် မြင်ဖူးသမျှ ကစားသမားတွေထဲမှာ ပွဲတပွဲရဲ့ ရလဒ်ကို ပြောင်းလဲပေးနိုင်စွမ်း အမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုတော့ ကျွန်တော်က ရိုနယ်ဒိုကို မက်ဆီထက် ပိုပြီး သဘောကျသွားပါပြီ။ သူက ထူးချွန်တဲ့ လူသားတဦးပါ။ ကွင်းတွင်းမှာရော ၊ ကွင်းပြင်မှာပါ သူ့ရဲ့ နေထိုင်ပုံက အတုယူစရာ ကောင်းပါတယ်။ သူက နေ့ရက်တိုင်းမှာ ပိုကောင်းလာအောင် ကြိုးစားနေတဲ့ လူတယောက် ဖြစ်ပြီး ကျွန်တော်တို့က သူ့ကို ကြည့်ပြီး ခွန်အားတွေ ရလာပါတယ်။ သူက လူငယ်တွေ အတွက် စံပြပုဂ္ဂိုလ် တဦးပါ” လို့ ပြောကြားသွားခဲ့တာပါ။