ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဦးစားပေး ပွဲထွက် ကစားသမား စာရင်းဝင် ကစားသမားတွေ ဖြစ်ကြတဲ့ ကွင်းလယ်လူ ဖရက်ဒ်နဲ့ တိုက်စစ်မှူး ကာဗာနီတို့ဟာ နိုင်ငံတကာပွဲစဉ်တွေကြောင့် လက်စတာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၈)ကို လွဲချော်ဖို့ ရှိနေကြောင်း သိရပါတယ်။

ဖရက်ဒ်နဲ့ ကာဗာနီတို့ဟာ နိုင်ငံအသင်းတွေ ဖြစ်တဲ့ ဘရာဇီးလ်အသင်းနဲ့ ဥရုဂွေးအသင်းတို့ အတွက် ရွေးချယ်ခံထားရပြီး ဘရာဇီးလ်အသင်းနဲ့ ဥရုဂွေးအသင်းတို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Daily Mail

ဘရာဇီးလ်အသင်းနဲ့ ဥရုဂွေးအသင်းတို့ဟာ အောက်တိုဘာလ ၁၅ရက်နေ့မှာ ထိပ်တိုက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဖရက်ဒ်နဲ့ ကာဗာနီတို့ဟာ အဆိုပါပွဲစဉ်ကို မဖြစ်မနေ ဝင်ရောက် ကစားရဖို့ ရှိနေကာ အင်္ဂလန်နိုင်ငံကို အောက်တိုဘာလ ၁၆ရက်နေ့မှသာ ပြန်လာလို့ ရမှာပါ။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အောက်တိုဘာလ ၁၆ရက်နေ့မှာ လက်စတာ စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေတာကြောင့် ဖရက်ဒ်နဲ့ ကာဗာနီတို့ဟာ လက်စတာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်ကို ကျိန်းသေပေါက် လွဲချော်ဖွယ် ရှိပါတယ်။

Photo Credit: Daily Mail

ဖရက်ဒ်နဲ့ ကာဗာနီတို့ကို လက်လွှတ် ထားရပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ်ရက်ဖို့ဒ် တယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် လက်စတာနဲ့ပွဲစဉ်မှာ တော်မီနေး ၊ ပေါ့ဘာ ၊ ဖာနန်ဒက်တို့ရဲ့ ကွင်းလယ်အတွဲ ၊ ဂရင်းဝုဒ် ၊ ရိုနယ်ဒိုနဲ့ ရက်ဖို့ဒ်တို့ရဲ့ တိုက်စစ်အတွဲတို့ကို မြင်တွေ့ရနိုင်ပါတယ်။