MySport Myanmar

ဘာစီလိုနာမှာပဲ အချိန်အကြာကြီး ဆက်ကစားချင်ကြောင်း ပြောလာတဲ့ မန်ယူပစ်မှတ် ဒီဂျောင်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အခြား ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က သူဟာ အသင်းပြောင်းဖို့ မစဉ်းစားထားပဲ ဘာစီလိုနာမှာသာ နှစ်တွေ အများကြီး ဆက်ကစားချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် နယ်သာလန်လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် ၂နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်စွမ်း ရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Euro Sports

အထူးသဖြင့် ဒီဂျောင်ရဲ့ ဆရာဟောင်း တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ သူတို့ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကို ရောင်းထုတ်ကာ ဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီဂျောင်ကသာ သူတို့အသင်းဆီ ပြောင်းရွှေ့လာမယ် ဆိုရင် ယူနိုက်တက်က ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းခန့် သုံးစွဲဖို့ အဆင်သင့် ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် ဒီဂျောင်ကတော့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် အခြားအသင်းတွေဆီ ပြောင်းဖို့ စိတ်မဝင်စားသေးပဲ ဒီဂျောင်က သူဟာ ဘာစီလိုနာမှာသာ အချိန်အကြာကြီး ဆက်ကစားချင်ကြောင်းကို ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် နာပိုလီနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Football Transfer

ဖရန်ကီ ဒီဂျောင်က – “ခင်ဗျားတို့ သတင်းဌာနတွေက ကျွန်တော့်ရဲ့ စာချုပ်အကြောင်းကို ရေးသားနေကြပေမယ့် အများစုက အလိမ်အညာတွေချည်းပါပဲ။ ကျွန်တော့်ရဲ့ လစာက ဘယ်ရွေ့ဘယ်မျှပါလို့ ရေးသားထားတဲ့ သတင်းတွေကလည်း လုပ်ကြံထားတဲ့ သတင်းတွေပါ။ ကျွန်တော်က ဘာစီလိုနာမှာ အရမ်းကို ပျော်ရွှင်နေပါတယ်။ ဒီအသင်းက ကျွန်တော့်ရဲ့ အိမ်မက်အသင်း ဖြစ်သလို ကျွန်တော်က ဘာစီလိုနာမှာ အချိန်အကြာကြီး ဆက်ကစားခွင့် ရဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ဖွင့်ဟ ပြောကြားသွားခဲ့တာပါ။

လတ်တလောမှာ စပိန်အခြေစိုက် သတင်းဌာန အများအပြားက ဘာစီလိုနာဟာ ဖရန်ကီ ဒီဂျောင်ကို ၁နှစ် လုပ်ခလစာ ယူရို ၄၀သန်း ဝန်းကျင် ပေးချေနေရတာကြောင့် လာမယ့် နွေဈေးကွက်မှာ ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ ရောင်းချတော့မယ်လို့ ဖော်ပြနေကြပါတယ်။

Exit mobile version