ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ၂၀၂၀ခုနှစ်ကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပေါင် သန်း(၄၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် စတုတ္ထမြောက်ရာသီကို ဖြတ်သန်းနေပေမယ့် ပြိုင်ပွဲစုံ (၆၂)ပွဲသာ ကစားထားခဲ့ရပါတယ်။

Photo Credit : Reddit

အေဂျက်စ် ကစားသမားဟောင်း ဗန်ဒီဘိခ်ဟာ ဒီရာသီမှာလည်း ယူနိုက်တက်အတွက် (၂)ပွဲသာ ကစားထားခဲ့ရပြီး အဲ့ဒီ (၂)ပွဲမှာလည်း ပွဲချိန် (၂၁)မိနစ်သာ ကစားထားခဲ့ရပါတယ်။ ဒဏ်ရာ ပြသာနာတွေ ရရှိတက်သူ ဖြစ်ပေမယ့်လည်း လက်ရှိမှာ အပြည့်အဝ ကြံခိုင်နေတဲ့ ဗန်ဒီဘိခ်က အခုလို ပွဲကစားခွင့် မရနိုင်တဲ့အပေါ် စိတ်ပျက်လို့နေပါတယ်။

နည်းပြဟောင်း တန်ဟက်ဂ် လက်ထက်မှာတောင် ပွဲကစားခွင့်တွေ မရရှိတဲ့ ဗန်ဒီဘိခ်ကို သူ့အသင်းဟောင်း အေဂျက်စ် အပါအဝင် ကလပ်အသင်းတချို့က အငှားနဲ့ ခေါ်ယူချင်နေကြပြီး လက်ရှိ လာလီဂါမှာ အမှတ်ပေးဇယားထိပ် ရောက်ရှိနေတဲ့ ဂျီရိုနာအသင်းလည်း ပါဝင်နေပါတယ်။

Photo Credit : Clutch Points

ဒါပေမယ့် ခိုင်မာတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်များမှာတော့ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းက ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး အသင်းနဲ့ ကစားသမားကြား ဆွေးနွေးမှုတွေလည်း အလားအလာကောင်းနေပြီလို့ သိရပါတယ်။

ဗန်ဒီဘိခ်ကိုယ်တိုင်ကလည်း ပွဲကစားခွင့်တွေ ပြန်လည် ရရှိချင်နေပြီဖြစ်လို့ ယူနိုက်တက်မှာ နေရာမရနိုင်တော့မယ့် အတူတူ အသင်း တစ်သင်းသင်းဆီကိုသာ အငှားနဲ့ ပြောင်းရွှေ့သွားဖွယ်သာ ရှိနေပါတယ်။