ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် ဖရန့်က ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း တန်တဲ့ တိုက်စစ်မှူးမျိုး ဖြစ်ကြောင်း ဆိုလာပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အိုင်ဗန် တိုနေးက ယခုနှစ် ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲ တခုထဲမှာတင် ၃၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၀ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Football 365

တိုနေးက ဘရန့်ဖို့ဒ်လို အလယ်အလတ် အသင်းမှာ ကစားနေရပေမယ့် သူ့ရဲ့ တိုးအား ၊ ရုန်းအားနဲ့ အဆုံးသတ် ကောင်းမွန်မှုတို့ကြောင့် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တချို့က တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး တိုနေးရဲ့ အေးဂျင့်ထံလည်း ဆက်သွယ်မှု တချို့ ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ တိုနေးက လာမယ့် နွေဈေးကွက် အတွင်းမှာ ဘရန့်ဖို့ဒ်ကို စွန့်ခွာနိုင်ချေ ရှိနေပြီး ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ ဖရန့်ကတော့ သူတို့လိုမျိုး အသင်းငယ်လေးမှာတောင် ဂိုး ၂၀ကျော် သွင်းနိုင်ခဲ့တဲ့ တိုနေးလို တိုက်စစ်မှူးမျိုးဟာ ပေါင် ၁၀၀သန်း တန်ကြောင်း ပြောကြားလာခဲ့တာပါ။

Photo Credit: Sky Sports

သောမတ် ဖရန့်က – “ကျွန်တော်ကတော့ တိုနေးဟာ ပေါင် ၁၀၀သန်း တန်တဲ့ တိုက်စစ်မှူးလို့ ထင်ပါတယ်။ ခင်ဗျားအတွက် ၁ရာသီမှာ ဂိုး ၂၀ကျော် သွင်းပေးနိုင်တဲ့ တိုက်စစ်မှူး တယောက်ရဲ့ တန်ကြေးက ဘယ်လောက် အထိ ရောက်သွားမယ်လို့ ထင်လဲ။ သူက ကျွန်တော်တို့လို အသင်းငယ်လေးမှာတောင် ဂိုး ၂၀ သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးပါ။ သူသာ အသင်းကြီး တသင်းဆီ ရောက်သွားမယ် ဆိုရင် ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာကို မှန်းဆကြည့်ရုံနဲ့ သိနိုင်ပါတယ်။ သူက ဝိုင်ကောင်းကောင်း တပုလင်းလို ကြာလေ ကောင်းလေ ဆိုတဲ့ ကစားသမားမျိုးပါ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။