ပရီးမီးယားလိဂ် တန်းတက်အသင်း တသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းက ကံကောင်းလို့သာ သူတို့အသင်းကို အနိုင်ရခဲ့တာပါလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အဖြစ် ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းက အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့်သာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာပါ။
Photo Credit: Daily Mail
အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘရန့်ဖို့ဒ်အသင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေးကို ကောင်းမွန်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် ဒီပွဲရဲ့ အနိုင်ရလဒ်ဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ လက်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရန်းဂ်နစ်ကတော့ ၁၅မိနစ် အနားရချိန်မှာ ပထမပိုင်းက အသင်းရဲ့ ခြေစွမ်းပိုင်း အားနည်းမှုတွေကို အကောင်းမွန်ဆုံး ပြန်လည် ပြင်ဆင်နိုင်ခဲ့ပြီး ရန်းဂ်နစ်ရဲ့ ကစားကွက် အပြောင်းအလဲတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းက ဒုတိယပိုင်းမှာ ဘရန့်ဖို့ဒ်အသင်းထက် ကစားပုံ ပိုမို ကောင်းမွန်ခဲ့သလို အနိုင်ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit: Daily Mail
ပွဲအပြီးမှာတော့ ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်က သူတို့အသင်းဟာ ခြေစွမ်းပိုင်း ကောင်းခဲ့ရဲ့သားနဲ့ ရမှတ် ၁မှတ်မှ မရခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်းနဲ့ ဒီနေ့ပွဲဟာ သရေရလဒ်နဲ့သာ အဆုံးသတ်သင့်တဲ့ ပွဲတပွဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဖရန့်က – “ဒီနေ့ပွဲနဲ့ ပတ်သတ်ပြီး အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က အင်္ဂလန်ရဲ့ အသေးဆုံး အသင်းတသင်းပါ။ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ အင်္ဂလန်ရဲ့ အကြီးမားဆုံး အသင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကစားခဲ့တဲ့ ကစားပုံကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့က သူတို့အသင်းရဲ့ ကစားကွက်ကို တစစီ ဖြစ်အောင် ဖျက်ဆီးနိုင်ခဲ့တာကို မြင်ရမှာပါ။ ကျွန်တော်တို့က ပထမပိုင်းမှာတင် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အသာရခဲ့သင့်ပါတယ်။ သူတို့ကတော့ ပထမပိုင်းမှာ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့တွေ အခွင့်အရေး ၅ကြိမ် ၊ ၆ကြိမ်လောက် ဖန်တီးနိုင်ခဲ့တဲ့ အချိန်မှာ အပိုင် အခွင့်အရေးက ၃ကြိမ် အထိ ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အမြင့်ဆုံး ရလဒ်က သရေပဲ ဖြစ်သင့်ပါတယ်။ သူတို့က တော်တော်လေးကို ကံကောင်းသွားတယ်ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။