မနေ့ညက အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း လတ်တလောမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွှားနေပြီး အမှတ်ပေးဇယားရဲ့ အောက်နားကိုတောင် ရောက်ရှိနေရတဲ့ အိမ်ရှင်အာဆင်နယ်က လူငယ်တွေနဲ့အတူ ချယ်လ်ဆီးအသင်းကို (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆင်းနေမှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းအတွက်ကတော့ ဒီဇင်ဘာကာလအတွင်းကို ရလဒ်ဆိုးတွေနဲ့ပဲ ဖြတ်သန်းနေခဲ့ရပါတယ်။

Photo Credit : Mirror

ချယ်လ်ဆီးအသင်းဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ အသင်းရဲ့တိုက်စစ်က ဂိုးပေါက်ကန်သွင်းချက် (၁၉)ကြိမ်အထိ လုပ်ဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း ပြီးခါနီးလောက်မှ ဂိုးပေါက်တည့်ကန်ချက်ကို စတင်ရရှိခဲ့တာဖြစ်သလို Shots on target ကလည်း (၃)ကြိမ်သာ ရှိခဲ့ရပါတယ်။ ဒီရှံးပွဲနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က “ကစားသမားတွေရဲ့ ပထမပိုင်း ပွဲချိန်တွေအတွင်း ကစားခဲ့တဲ့ ပုံစံကို ကျွန်တော်ကာကွယ်ပေးလို့ မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ဘောလုံးရဲ့အခြေခံအချက်တွေကို လျော့ပါးနေခဲ့လို့ပဲ။ ဒီပွဲက အရမ်းကို ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရတယ်”

Photo Credit : Mirror

“ဘာကြောင့်လဲဆိုတော့ တိုက်ပွဲဝင်စိတ်အပြည့်ရှိတဲ့ အရည်အသွေးလည်းကောင်းတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရလို့ပဲ။ သူတို့အသင်းက လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ဘာမဆိုလုပ်ဆောင်ဖို့ အသင့်ရှိတဲ့ ပုံစံမျိုးပါ။ ကျွန်တော် ဒီရလဒ်ကြောင့် စိတ်ဆိုးဒေါသထွက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဒီပွဲကို အနိုင်ရချင်နေတာပါ။ ကျွန်တော်တို့အသင်းရဲ့ ကစားပုံက လေးပင်နေပြီး ပျင်းရိနေသလို ဖြစ်နေရတာနဲ့ပဲ ပင်နယ်တီတွေနဲ့ ဂိုးရသွားစေမယ့် ဖရီးကစ်တွေကို ပေးလိုက်ရတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်း အသင်းသားတွေရဲ့ ပွဲကို ချဉ်းကပ်တဲ့ပုံစံကြောင့် ကျွန်တော်စိတ်ပျက်မိတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေ ဘောလုံးကစားရတာက အခြေခံကျဖို့ လိုအပ်ပါတယ်။ ဒါက နည်းဗျူဟာတွေ နည်းစနစ်တွေနဲ့ မဆိုင်ပါဘူး။ ဒါက ပြေးလွှားကစားဖို့ အသင်းဖော်တွေကို ကူညီကစားဖို့နဲ့ အသင်းစိတ်ဓါတ်တွေနဲ့ပဲ ဆိုင်တာမျိုးပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲအတွင်း ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲကိုပဲ အနိုင်ယူခဲ့ပြီးတော့ အဲဗာတန် ဝုလ်ဗ် အာဆင်နယ်တို့နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေအားလုံးကိုတော့ ရှံးနိမ့်ခဲ့ရကာ ရလဒ်ပိုင်း ဆိုးရွှားလျက်ရှိနေရပါတယ်။ ချယ်လ်ဆီးဟာ လာမယ့်ပွဲစဉ်မှာတော့ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်လို့နေတဲ့ အက်စတွန်ဗီလာအသင်းကို ဧည့်ခံရမှာဖြစ်ပါတယ်။