ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ အက်စတွန်ဗီလာအသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ အရန်ခုံကနေ ဝင်လာပြီးတဲ့နောက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပူလီဆစ်ကို ချီးကျူးသွားခဲ့ပြီး ပူလီဆစ်အနေနဲ့ လာမယ့် အနာဂတ်မှာ အောင်မြင်တဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မနေ့ညက အက်စတွန်ဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမပိုင်းပြီးတဲ့ အချိန်အထိ (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်း ပြန်စတဲ့ အချိန်မှာ လူစားလဲ ဝင်ရောက်လာတဲ့ ပူလီဆစ် နဲ့ ဂျီရော့ရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် (၁-၂) ရလဒ်နဲ့ ပြန်လည် အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit: FourFourTwo

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့တာကြောင့်မို့ အဆင့် (၄) နေရာကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီး အဆင့် (၅) နေရာက နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကိုလည်း ရမှတ် (၅) မှတ် ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ကတော့ မနေ့ညက ပွဲစဉ်မှာ လူစားလဲ ကစားသမား အဖြစ် အသုံးပြုသွားခဲ့တဲ့ ပူလီဆစ်ကို လာမယ့် ပွဲစဉ်တွေမှာ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုသွားမှာ ဖြစ်ကြောင်း နဲ့ ပူလီဆစ်အနေနဲ့ အနာဂတ်မှာ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: FourFourTwo

နည်းပြ လမ်းပတ်က “ပူလီဆစ်က ကျွန်တော်တို့အတွက် ပွဲထွက်ကစားသွားပါလိမ့်မယ်။ သူက ကျွန်တော်တို့အသင်းအတွက် လက်ရှိအချိန်မှာရော အနာဂတ်မှာပါ အောင်မြင်တဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ ပူလီဆစ်က ဆာလောင်တယ်။ အဲဒါကို ကျွန်တော် သိပါတယ်။ ကျွန်တော် ခံစားရပါတယ်။ ပင်နယ်တီကွင်းထဲက သူ့ရဲ့ ခြေစွမ်းက ကြီးမားတဲ့ စွမ်းဆောင်ရည် ဖြစ်တယ်။ ကျွန်တော် ဒီအကြောင်းကို သူနဲ့ တစ်ရာသီလုံး ပြောလာခဲ့တယ်။ ပင်နယ်တီကွင်းအတွင်းထဲမှာ ခြေစွမ်းပြတဲ့ ကစားသမား နဲ့ ပင်နယ်တီကွင်းအပြင်မှာ ကောင်းတဲ့ ကစားသမားက ကွာပါတယ်။ ကျွန်တော်ကတော့ ပူလီဆစ်အနေနဲ့ ဆက်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် သူ့ကြောင့် အလွန် ကျေနပ်ပါတယ်။ သူ ဝင်လာပြီး လုပ်ပြသွားတာကို ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။