အင်္ဂလန်လက်ရွေးစင်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးကြတဲ့ အသင်းဖော်ဟောင်း ကစားသမားဟောင်းကြီးတွေဖြစ်ကြတဲ့ စတီဗင်ဂျရတ်နဲ့ ဖရန့်လမ်းပတ်တို့နှစ်ယောက်ဟာ ကစားသမားဘဝအတွင်းမှာပါ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ကြတာမဟုတ်ပဲ နည်းပြနယ်ပယ်ထဲကို ရောက်ရှိနေချိန်မှာပါ အက်စတွန်ဗီလာအသင်းရဲ့ နည်းပြရာထူးအတွက် အပြိုင်အဆိုင် ဖြစ်ခဲ့ရပြီး နောက်ဆုံးမှာတော့ လီဗာပူးလ်ကစားသမားဟောင်း ဂျရတ်က ဗီလာနည်းပြရာထူးကို အရယူသွားနိုင်ခဲ့ပါတယ်။

ဗီလာအသင်းက နည်းပြဒင်းစမစ်ကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း နည်းပြဟောင်းဖြစ်သူ ဖရန့်လမ်းပတ်နဲ့ အင်တာဗျူးတစ်ခု လျှို့ဝှက်စွာ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ လမ်းပတ်က ဗီလာနည်းပြရာထူးကို အရမယူနိုင်ခဲ့သလို သူရဲ့အင်္ဂလန်အသင်းဖော်ဟောင်း ဂျရတ်ကသာ ဗီလာအသင်းရဲ့ ဦးစားပေး နည်းပြတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး တကယ်တမ်းမှာလည်း ဂျရတ်ကသာ ဗီလာနည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ရပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်လို့နေရတဲ့ လမ်းပတ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းများစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒန်နီရယ်ဖာကယ်နဲ့ လမ်းခွဲခဲ့တဲ့ နောဝစ်ချ်အသင်းနဲ့လည်း အနီးစပ်ဆုံး အခြေအနေတစ်ခုအထိ ရောက်ရှိခဲ့ပေမယ့်လည်း လမ်းပတ်က ဒီအခွင့်အရေးကို ပယ်ချသွားခဲ့ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန့်နဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့လည်း ဆက်သွယ်မှုတွေ ရှိခဲ့ပေမယ့်လည်း အဆင်မပြေနိုင်ခဲ့သလို ပဲလေ့စ်ကလည်း အာဆင်နယ်ကစားသမားဟောင်းကြီး ဗီယာရာကိုပဲ နညး်ပြသစ်အဖြစ် ခန့်အပ်သွားခဲ့ပါတယ်။ အသက်(၄၃)နှစ်အရွှယ်ရှိ လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းမှာ သူရဲ့နည်းပြအလုပ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဘီကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပေမယ့် ပလေးအော့ နောက်ဆုံးပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့လို့ အခွင့်အရေးကို လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တစ်ရာသီခွဲနီးပါး ကိုင်တွယ်ခဲ့ရပြီး အက်အေဖလားပြိုင်ပွဲမှာ ဒုတိယနေရာရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။