ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ တနင်္လာနေ့ည၊ အင်္ဂါနေ့ နံနက် (၂း၃၀) အချိန် မန်ယူအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာ မန်ယူ ကွင်းလယ် ကစားသမားသစ် ဖာနန်ဒက်စ်ကို ထိပ်သီး ကစားသမားလို့ ပြောပါတယ်။ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ လ ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ စပို့တင်းအသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ရာသီဝက် အားလပ်ရက် မတိုင်ခင် ဝုဗ်လ်အသင်းနဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပါတယ်။

Photo Credit: MEN

ချဲလ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရမှတ် (၃၅) မှတ်နဲ့ အဆင့် (၉) နေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းနဲ့ ရမှတ် (၆) မှတ်အကွာ ရမှတ် (၄၁) မှတ်နဲ့ အဆင့် (၄) နေရာမှာ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီအစက မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ (၄-ဝ) ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် မနက်ဖြန်ည အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရဖို့ ပြင်ဆင်လာမှာ ဖြစ်ပြီး နည်းပြ လမ်းပတ်က ဖာနန်ဒက်စ်ကို ထိပ်သီး ကစားသမားလို့ ပြောခဲ့ပါတယ်။

Photo Credit: MEN

နည်းပြ လမ်းပတ်က “မန်ယူအသင်းက ဘယ်လိုတွေ ဖြစ်နေပါစေ အင်အားတောင့်ပါတယ်။ သူတို့ ပိုပြီးတော့ အင်အားတောင့်လာပါတယ်။ ဘာလို့လဲဆိုရင် စီးပွားရေး ကောင်းကောင်းလုပ်ခဲ့လို့ပါ။ ဖာနန်ဒက်စ်ဟာ ထိပ်သီး ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူက ဂိုးတွေ သွင်းပါတယ်။ ကျွန်တော် သူ့ရဲ့ စံချိန်မှတ်တမ်းတွေ အားလုံးကို သိပါတယ်။ ဒါတွေကို ထည့်စဉ်းစားရလိမ့်မယ်။ သူက ပရီးမီးယားလိဂ်မှာ ကိုယ်ပိုင် အမှတ်အသား ဖန်တီးချင်မှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။