ချယ်လ်ဆီးအသင်းရဲ့နည်းပြဖရန့်လမ်းပတ်က အသင်းအတွက် ဒီရာသီမှာ ခေါ်ယူအားဖြည့်ထားခဲ့တဲ့ တိုက်စစ်အားသန် ကစားသမားသစ်တွေဖြစ်တဲ့ တီမိုဝါနာ ဟာကင်ဇီယက်ရှ်နဲ့ ကိုင်းလ်ဟားဗက်ဇ်တို့ရဲ့ လတ်တလောစွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး သူ့မှာ စိုးရိမ်စိတ်တွေ ရှိလို့မနေပဲ ကစားသမားတွေက အသင်းနဲ့ အံ့ဝင်နိုင်ဖို့ ကစားသမားအချင်းချင်းခြားမှာ ဆက်သွယ်ချိတ်ဆက်မှုတွေ ပိုမိုကောင်းမွန်ဖို့က အချိန်အတိုင်းအတာတစ်ခုထိ စောင့်ဆိုင်းရမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်းနှစ်ရာကျော်လာက်အထိ အသုံးပြုခဲ့ကာ ကစားသမားသစ်တွေကို ခေါ်ဆောင်ထားခဲ့ပြီး အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ကိုလည်း ဂျာမန်သားနှစ်ယောက်ဖြစ်တဲ့ ဝါနာ ဟားဗက်ဇ်တို့အပြင် မော်ရိုကိုတောင်ပံကစားသမားဇီယက်ရှ်ကိုလည်း ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကစားသမားသစ်တွေဖြစ်တဲ့ ဝါနာက သွင်းဂိုး(၂)ဂိုးရယူထားပြီး ဟားဗက်ဇ်ကတော့ သွင်းဂိုး(၁)ဂိုးနဲ့ ဇီယက်ရှ်က အခုထိ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားနေရပြီး သွင်းဂိုးလည်း မရယူနိုင်သေးသူဖြစ်ပါတယ်။

Photo Credit : Youtube

ဒီကစားသမားတွေနဲ့ပတ်သက်ပြီး လမ်းပတ်က “ကျွန်တော်ကတော့ တီမိုကို ရရှိထားလို့ ပျော်ရွှင်နေပါတယ်။ သူက ဆောက်သမ်တန်နဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့သလို ဟားဗက်ဇ်ကလည်း အဲ့ဒီပွဲမှာပဲ သွင်းဂိုးရခဲ့ပါသေးတယ်။ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပါဝင်ကစားနေတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကတော့ အနည်းငယ်လောက်သာပဲ ရှိနေပါတယ်။ ကစားသမားအချင်းချင်းရဲ့ကြားမှာ ချိတ်ဆက်မှုတွေ အကောင်းဆုံးရှိနိုင်ဖို့ဆိုတာကတော့ အချိန်တစ်ခု ယူရမှာပါ။ အသင်းရဲ့ အရည်အသွေးကို တိုးမြှင့်နိုင်ဖို့အတွက် တီမိုနဲ့ကိုင်းလ်တို့နှစ်ယောက်လုံးကို ကျွန်တော်ခေါ်ယူခဲ့တာပါ။ ဟာကင်ဇီယက်ရှ်ကတော့ တဖြည်းဖြည်းနဲ့ သူ့အတွက် ပွဲထွက်ကစားခွင့်တွေ ရရှိလာဖို့ နီးစပ်နေပြီဖြစ်ပြီး သူရဲ့ကြံခိုင်မှုလည်း ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်ပါတယ်။ သူရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်မစိုးရိမ်ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း ကျွန်တော်တို့ဘက်က တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိခဲ့တယ်ဆိုပေမယ့် ဒါက သာမာန်ပါပဲ။ ဘောလုံးမှာ အမြဲဖြစ်နေကြအရာပါပဲ။ ကျွန်တော်ကတော့ အသင်းမှာ အခုလို ကစားသမားကောင်းတွေ ရှိနေတာကိုပဲ ပျော်ရွှင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မနက်ဖြန်ညမှာ ရုရှားကလပ် ခရက်စ်နိုဒါအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။