ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က သူတို့ရဲ့ချယ်လ်ဆီးအသင်းကို ပြောင်းလဲမှုကြီးကြီးမားမားတွေ ဖြစ်လာစေခဲ့ရခြင်းဟာ အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ချ်ကြောင့်သာဖြစ်ပြီး သူရဲ့အကျိုးသက်ရောက်မှုတွေကြောင့် အသင်းက အရမ်းကို တောက်လာခဲ့ရတာဖြစ်လို့ ရိုမန်အတွက် ပွဲတစ်ထောင်ပြည့်မြောက်မယ့် လန်ဒန်ဒါဘီပွဲစဥ်မှာ ပြိုင်ဘက်စပါးအသင်းကို အနုိင်ရအောင် ကစားပေးသင့်တယ်လို့ သူရဲ့အသင်းသားတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ရုရှားနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဘီလျံနာသူဌေးကြီး ရိုမန်အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်ကနေစတင်ပြီး ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ကာ အသင်းကိုလည်း အလယ်အလတ်အဆင့်လောက်ကနေ ပြည်တွင်းမှာရော ဥရောပမှာပါ လွှမ်းမိုးမှု ရှိလာခဲ့ရတဲ့ အသင်း​ကောင်းတစ်သင်းဖြစ်လာအောင် ဖန်တီးပေးခဲ့ပါတယ်။ လက်ရှိအသင်းရဲ့ နည်းပြဖြစ်တဲ့ လမ်းပတ်ဟာလည်း ရိုမန်လက်အောက်မှာ အသင်းသားတစ်ယောက်အဖြစ် ပါဝင်ကစားခဲ့ဖူးသလို အခုလည်း ရိုမန်လက်အောက် (၁၂)ယောက်မြောက်နည်းပြအဖြစ်နဲ့ပါ တာဝန်ယူဆောင်ရွက်နေရတာဖြစ်ပါတယ်။ အခုဆိုရင် ရိုမန်ဟာ သူရဲ့အသင်းနဲ့ စပါးအသင်းတို့ ဆုံတွေ့ရမယ့် ပွဲစဥ်မှာ ချယ်လ်ဆီးပိုင်ရှင်အဖြစ် ပွဲပေါင်း(၁၀၀၀)ပြည့်တော့မှာဖြစ်ပြီး ဒီလိုပွဲမျိုးမှာ သူ့အတွက် နိုင်ပွဲယူပေးသင့်တယ်လို့ လမ်းပတ်က အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

Photo Credit : Daily Mail

လမ်းပတ်က “အသင်းရဲ့ ပွဲ​ပေါင်းများစွာမှာ ကစားသမားတစ်ယောက်အဖြစ်ရော နည်းပြအဖြစ်နဲ့ပါ ပါဝင်နိုင်ခဲ့တဲ့သူတစ်ယောက်အဖြစ် ရိုမန်အတွက် ဘာမှကြီးကြီးမားမားတွေ မလုပ်ဆောင်ပေးနိုင်ခဲ့ပေမယ့် ကျေးဇူးတင်မှုကြီးတစ်ခုကို ပေးနိုင်ပါလိမ့်မယ်။ တကယ်လို့ သူ အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူရဲ့ထောက်ပံ့အားပေးမှုတွေ ကောင်းကောင်းမရှိခဲ့ရင် အသင်းအနေနဲ့ ဘာအောင်မြင်မှုမှကို ရယူနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပထမဆုံးတစ်ခုကို ပြောရမယ်ဆိုရင်တော့ အသင်းရဲ့ဘဣာရေးပိုင်း အရမ်းတိုးတတ်ကောင်းမွန်လာခဲ့ရတယ်။ သူအသင်းကို ပိုင်ဆိုင်ခဲ့ပြီးနောက်မှာ ဆုဖလားတွေအားလုံးကို ရယူပိုင်ဆိုင်နိုင်ဖို့ဆိုတာကလည်း ဖြစ်လာနိုင်ခြေ ပိုများလာခဲ့ရတယ်။ ဒီကျေးဇူးတွေကို ကျွန်တော်တို့ဘက်ကနေ သိတတ်ရမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကို အပြန်အလှန် အကျိုးဖြစ်ထွန်းစေဖို့အတွက် ကွင်းအတွင်းအောင်မြင်မှုတွေကို ကျွန်တော်တို့ ရယူပေးရပါလိမ့်မယ်။ ကျွန်တော်တို့ဘက်ကနေ ရိုမန်အတွက်  ဒီပွဲစဥ်ကို အနုိင်ရယူပေးရပါလိမ့်မယ်။ နိုင်ပွဲရခဲ့မယ်ဆိုရင် ရိုမန်အတွက် အကောင်းဆုံးကျေးဇူးသိတတ်မှုတစ်ခု ဖြစ်သွားစေခဲ့မှာပါ” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။