ယနေ့မနက် အစောပိုင်းမှာပဲ အသင်းနဲ့ ကာလရှည် လက်တွဲခဲ့တဲ့ နည်းပြဖြစ်သူ ဒါနီရယ် ဖာကီနဲ့ လမ်းခွဲထားတဲ့ ပရီးမီးယားလိဂ်ကလပ် နောဝှစ်ချ်အသင်းဟာ ဒါဘီအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာမှ ချန်ပီယံရှစ် ချန်ပီယံ အဖြစ် ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်နိုင်ခဲ့တဲ့ နောဝှစ်ချ်အသင်းဟာ လူငယ် ခြေတက် ကစားသမား အများစုနဲ့ စုဖွဲ့ထားတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်လာမယ်လို့ ထင်ကြေးတွေ ပေးခံခဲ့ရပေမယ့် တကယ်တမ်း မှာတော့ ပွဲစဉ် ၁၁အပြီးမှာ နိုင်ပွဲ ၁ပွဲသာ ရယူထားနိုင်တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့်လည်း နောဝှစ်ချ်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ နည်းပြဖြစ်သူ ဒါနီရယ် ဖာကီနဲ့ လမ်းခွဲပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက် ကျန်ရစ်နေအောင် ဦးဆောင်ပေးနိုင်မယ့် နည်းပြတဦးကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ နောဝှစ်ချ်အသင်းဟာ ဖာကီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိသလို လူငယ် ကစားသမားတွေကို နေရာပေးတတ်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Photo Credit: Football London

တဖက်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းကောင်း တသင်းကို ကိုင်တွယ်ဖို့ စောင့်မျှော်နေတဲ့ လမ်းပတ်ဟာ လူငယ် ခြေတက် ကစားသမားတွေနဲ့ စုစည်းထားတဲ့ နောဝှစ်ချ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး နောဝှစ်ချ်အသင်းကသာ ၃နှစ်စာချုပ်နဲ့ ကမ်းလှမ်းလာမယ် ဆိုပါက လက်ခံဖို့ အသင့် ရှိနေကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေကလည်း ဆိုထားကြပါတယ်။