ပရီးမီးယားလိဂ် တန်းတက်အသင်း တသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ သောမတ် ဖရန့် ကတော့ မကြာခင်မှာ သူတို့အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာဟာ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဒိန်းမတ်လူမျိုး နည်းပြတဦး ဖြစ်သူ သောမတ် ဖရန့်ဟာ ပရီးမီးယားလိဂ်ရဲ့ မျက်နှာသစ် နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူ့ရဲ့ ဘရန့်ဖို့ဒ်အသင်းက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းကို အနိုင် ၊ လီဗာပူးအသင်းကို သရေ ကစားထားနိုင်ပါတယ်။

Photo Credit: Sky Sports

သောမတ် ဖရန့်ရဲ့ ဦးဆောင်မှုတွေကြောင့်ပဲ ဘရန့်ဖို့ဒ်အသင်းဟာ တန်းတက်အသင်း တသင်း ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၁၃နေရာမှာ ရပ်တည်နေနိုင်ပြီး တန်းဆင်းဇုန်နဲ့ အတော်လေးကို ကွာဟနေပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ ကြာသပတေးနေ့ မနက် ၂နာရီ ၄၅မိနစ် အချိန်မှာတော့ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်မတိုင်မီမှာ သောမတ် ဖရန့်က မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး နည်းပြပါလို့ ချီးကျူးသွားခဲ့တာပါ။

ဘောလုံးအားကစားဟာ ကမ္ဘာအနှံ့မှာ လူကြိုက်များ ထင်ရှားလာတာနဲ့အမျှ ဘောလုံးလောကကို လွှမ်းမိုးနိုင်တဲ့ ထိပ်သီးနည်းပြ များစွာ ထွက်ပေါ်လာခဲ့ပြီး ဂွာဒီယိုလာ ၊ ကလော့ပ် ၊ မော်ရင်ဟို ၊ ကွန်တီ ၊ ဇီဒန်း ၊ အန်ဆလော့တီ ၊ ပိုချက်တီနို ၊ တူချယ်လ် ၊ ဖလစ် ၊ နစ်ဂယ်စမန်း စတဲ့ နည်းပြတွေက ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံး နည်းပြတွေ အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် သောမတ် ဖရန့်ကတော့ ဂွာဒီယိုလာဟာ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး နည်းပြ ဖြစ်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ယခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ဖရန့်က – “ကျွန်တော်တို့က ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ် အများဆုံး အသင်းနဲ့ ရင်ဆိုင်ရတော့မှာပါ။ ကျွန်တော်ကတော့ ဂွာဒီယိုလာဟာ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး နည်းပြလို့ပဲ ထင်ပါတယ်။ သူတို့အသင်းမှာ မယုံနိုင်စရာ ကောင်းတဲ့ ကစားသမားတွေလည်း အများကြီး ရှိပါတယ်။ ပြီးတော့ သူတို့အသင်းက ကျွန်တော်တို့တွေ ရင်ဆိုင်ဖို့ ခက်ခဲမယ့် ကစားပုံမျိုးကို ပိုင်ဆိုင်ထားပါသေးတယ်။ သူတို့က ဘောလုံးပိုင်ဆိုင်မှုကို အသာစီး ရယူပြီး ကစားလေ့ ရှိသလို စွန့်စားမှု များစွာ ပြုလုပ်လေ့ မရှိပါဘူး။ ကျွန်တော်တို့က တန်ပြန်တိုက်စစ် ကစားဟန်နဲ့ ကစားလို့ ရပေမယ့် ပြင်ဆင်ထားတဲ့ အတိုင်း ကစားနိုင်ဖို့ ဆိုတာ အရမ်းကို ခက်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။