MySport Myanmar

ချယ်လ်ဆီးကို နိုင်ခဲ့ပေမယ့် ကစားပုံ အတွက် စိတ်ပျက်မိတယ် ဆိုတဲ့ သောမတ်စ် ဖရန့်

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် ဖရန့်က သူတို့အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နာမည်ကြီးကလပ် ချယ်လ်ဆီးကို အဝေးကွင်းမှာ ၂ဂိုးပြတ် နိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ ခြေစွမ်းဟာ သာမန်အောက်ကို ရောက်နေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ဘရန့်ဖို့ဒ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးရဲ့ နည်းပြတွေက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ရလဒ်ကောင်း တခု ရယူဖို့ ကြိုးစားခဲ့ကြပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲမှာ အိမ်ရှင် ချယ်လ်ဆီးက နိုင်ပွဲ ရရှိဖို့ ပွဲစပွဲဆုံး ဘရန့်ဖို့ဒ်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ကွင်းလယ်က ဖန်တီးနိုင်စွမ်း နည်းပါးခဲ့သလို ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူး မရှိတာကြောင့် သွင်းဂိုးတွေ မရရှိခဲ့ပါဘူး။

တဖက်မှာလည်း ဘရန့်ဖို့ဒ်က ပုံမှန် ကစားနေကျ အတက်အဆင်း မြန်ဆန်တဲ့ ကစားဟန်နဲ့ မကစားနိုင်ခဲ့ပဲ ပွဲချိန် အတော်များများကို ချယ်လ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေအား ခုခံကာသာ ကုန်ဆုံးခဲ့ရပြီး ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေကြောင့်သာ အနိုင်ဂိုး ၂ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

 

Photo Credit: Standard

ချယ်လ်ဆီး ၀-၂ ဘရန့်ဖို့ဒ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ် အတွက် အနိုင်ဂိုးတွေကို နောက်ခံလူ ပင်နော့နဲ့ တိုက်စစ်မှူး အမ်ဘူမိုတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်က ချယ်လ်ဆီးကို အနိုင်ရခဲ့ပေမယ့် သူတို့အသင်းရဲ့ ခြေစွမ်းဟာ စိတ်ပျက်စရာ ကောင်းခဲ့ကြောင်း ဆိုလာပါတယ်။

သောမတ်စ် ဖရန့်က – “အသင်းရဲ့ ကစားပုံ အတွက် အတော်လေး စိတ်ပျက်မိပါတယ်။ ပွဲပြီးတဲ့အချိန်မှာ ကစားသမားတွေကို ကျွန်တော် ပထမဦးဆုံး ပြောခဲ့တဲ့ စကားက မင်းတို့တွေ ဒီထက် အများကြီး ပိုလုပ်ပြနိုင်တယ် ဆိုတဲ့ စကားပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက အမြင့်ဆုံးမှ သာမန်စွမ်းဆောင်ရည်မျိုးပဲ ရှိခဲ့တာပါ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version