ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ ဖရန့်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အိုင်ဗန် တိုနေးကို အင်္ဂလန်လူစာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် အသုံးမပြုခဲ့တဲ့ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကို တိုနေးရဲ့ အရည်အချင်းကို မသိသူလို့ ခပ်ပါးပါး ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် – ဂျမေကာလူမျိုး အိုင်ဗန် တိုနေးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဘရန့်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တောက်ပနေသူ ဖြစ်ပြီး တိုနေးက ယခုနှစ် ဘောလုံးရာသီမှာလည်း ဘရန့်ဖို့ဒ် အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: BBC

ဒါကြောင့်ပဲ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်က အီတလီ ၊ ဂျာမဏီတို့နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ အတွက် တိုနေးကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် ဆောက်ဂိတ်ဟာ တိုနေးကို အီတလီနဲ့ ပွဲအတွက် လူစာရင်းထဲမှာ ထည့်သွင်းခြင်း မရှိခဲ့သလို ဂျာမဏီနဲ့ပွဲမှာလည်း လူစာရင်းထဲ ထည့်သွင်းခဲ့ပေမယ့် အသုံးမပြုခဲ့ပါဘူး။

လက်ရှိမှာတော့ ဆောက်ဂိတ်ရဲ့ တိုနေးအပေါ် ဆက်ဆံမှုကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပြီး တချို့ပရိသတ်တွေကလည်း တိုနေးဟာ သူ့အပေါ် လေးစားမှု မရှိတဲ့ အင်္ဂလန်အတွက် မကစားပေးတော့ပဲ ဂျမေကာအတွက်သာ ကစားပေးသင့်ကြောင်း တိုက်တွန်း အကြံပေးနေကြကာ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ကတော့ တိုနေးဟာ အင်္ဂလန်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့် အနည်းငယ် စိတ်ထိခိုက်နေပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် မယုံကြည်တဲ့ လူတွေ မှားကြောင်း သက်သေပြလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: BBC

ဖရန့်က – “ဒါပေါ့။ ကျွန်တော်က တိုနေး တယောက် ကစားခွင့် ရဖို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် တခါတလေကျရင် ဘဝနဲ့ ဘောလုံးလောကမှာ ကိုယ် မျှော်လင့်ထားသလို မဖြစ်လာတတ်တာတွေလည်း ရှိပါတယ်။ မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ ကျွန်တော်တို့က အနောက်ကို နည်းနည်းလေး ပြန်ဆုတ်သွားတတ်ကြပါတယ်။ ဒါပေမယ့် ဒါက ခြေလှမ်းသေးသေးလေးပဲ ပြန်ဆုတ်သွားတာပါ။ တိုနေးက နည်းနည်းလေး စိတ်ထိခိုက်နေပါလိမ့်မယ်။ ဒါပေမယ့် သူက ရှေ့ဆက်ရဦးမှာပါ။ သူက ရှေ့ဆက်ပြီးတော့ သူ့ကို မယုံကြည်ခဲ့တဲ့ လူတွေ မှားယွင်းကြောင်းကို သက်သေပြရပါမယ်။ (ဆောက်ဂိတ်အား ရည်ရွယ်လျက်) ဒါက သူ လုပ်နိုင်တဲ့ တခုထဲသော အရာပါ။ စကားအရ ပြောရင်တော့ ဒါက ရိုးရှင်းတဲ့ အလုပ်တခုလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုမျိုး အရာက လုပ်ပြဖို့ အနည်းငယ် ခက်ပါတယ်။ တိုနေးက ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိတဲ့ လူတယောက် ဖြစ်လို့ သူကတော့ ဒီလိုမျိုး အရာကို လုပ်ပြနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။