MySport Myanmar

လာမယ့်နွေမှာ တိုနေးကို လက်လွတ်သွားရနိုင်တယ်လို့ ဘရန့်ဖို့ဒ်နည်းပြ အတည်ပြု

ဘရန့်ဖို့ဒ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး အိုင်ဗန် တိုနေးဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

လောင်းကစားမှုကြောင့် ဘောလုံးကစားခြင်းကနေ (၈)လခန့်အထိ အနားယူလိုက်ရတဲ့ အင်္ဂလန် တိုက်စစ်မှူး တိုနေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာပဲ ပွဲပယ်ပြစ်ဒဏ် လွတ်မြောက်ခဲ့ပြီး လက်ရှိအချိန်အထိ ဘရန့်ဖို့ဒ်အသင်းအတွက် (၃)ပွဲကစား (၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

အသက် (၂၇)နှစ်အရွယ် အဆုံးသတ်ကောင်းမွန်တဲ့ တိုက်စစ်ကစားသမား တိုနေးဟာ (၈)လပွဲပယ်မခံရခင် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၂၀)အထိတောင် သွင်းယူနိုင်ခဲ့လို့ တိုနေးကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက အပြိုင် စိတ်ဝင်စားခဲ့ကြပါတယ်။

တိုနေး ပွဲပယ်ပြစ်ဒဏ်ကနေ မလွတ်မြောက်ခင် လပိုင်းလောက်မှာပဲ အာဆင်နယ် စပါး ချယ်လ်ဆီးတို့က တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် တိုနေးက ဘရန့်ဖို့ဒ်နဲ့ပဲ အခု ရာသီကုန်အထိ ဆက်လက် ကစားသွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခေါ်ယူဖို့ကို လက်လျှော့လိုက်ကြတာ ဖြစ်ပါတယ်။

Photo Credit : beIN SPORT

တိုနေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘရန့်ဖို့ဒ်နည်းပြ ဖရန့်က “အိုင်ဗန် တိုနေးကို လာမယ့်နွေရာသီ ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။ သူက ကျွန်တော်တို့အသင်းနဲ့ စာချုပ်သက်တမ်းဟာလည်း တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ ဒါက ရှင်းလင်းပါတယ်။ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာတော့ သူ့အတွက် ဘာကမ်းလှမ်းမှုမှ မရခဲ့ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါကြောင့် တိုနေးအနေနဲ့ လာမယ့်နွေမှာ ဘရန့်ဖို့ဒ်ကနေ သေချာပေါက် ထွက်ခွာသွားရနိုင်ပြီး သူ့ကို အလိုရှိနေကြတဲ့ အာဆင်နယ် ချယ်လ်ဆီး စပါး မန်ယူနိုက်တက် ဘယ်ကလပ်အသင်းဆီကိုများ ပြောင်းရွှေ့သွားနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Exit mobile version