ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ်ဖြစ်သူ သောမတ်စ် ဖရန့်ကတော့ ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)မှာ မြို့ခံပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့ကို ဂိုးပြတ် အနိုင်ရသွားတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတသင်း ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဧည့်သည် အာဆင်နယ်က ပွဲစပွဲဆုံး ဘရန့်ဖို့ဒ်ထက် ပိုကောင်းတဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့ပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကိုတော့ ခံစစ်မှူး ဆာလီဘာ ၊ တိုက်စစ်မှူး ဂျေဇူးနဲ့ ကွင်းလယ်လူသစ် ဗီအဲရာတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Standard

ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ် နှစ်သင်းစလုံးက ဒီရာသီမှာ ခြေစွမ်းကောင်းတွေ အသီးသီး ပိုင်ဆိုင်ထားကြပေမယ့် ယမန်နေ့ညမှာတော့ အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ထက် အဆပေါင်းများစွာ ပိုမို သာလွန်တဲ့ အသင်း ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာဆင်နယ်ရဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်နေပြီလို့ ချီးကျူးစကားတွေ ပြောကြားနေကြပါတယ်။

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ကလည်း အဆိုပါ စကားတွေကို ထောက်ခံသွားခဲ့ပြီး အာဆင်နယ်ဟာ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတသင်း ဖြစ်သလို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)အသင်း ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Standard

ဖရန့်က – “ကျွန်တော်တို့က ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)အသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမတိုင်ခင်ကလည်း ကျွန်တော် ပြောခဲ့ပါသေးတယ်။ အာဆင်နယ်က ထိပ်တန်းအသင်း တသင်း ဖြစ်နေပါပြီ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ ပုံမှန် စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ၁၀၀ရာခိုင်နှုန်း ခြေစွမ်းကောင်းခဲ့တာ မဟုတ်ပေမယ့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က မဆိုးရွားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ထိပ်သီးအသင်း တသင်းကို အနိုင်ရချင်ရင် တည်ကန်ဘော ကနေ ပေးဂိုးတွေ ပေးလို့ မရသလို အာဆင်နယ် ရသွားတဲ့ ဒုတိယ သွင်းဂိုးလိုမျိုး ဂိုးတွေကိုလည်း ခွင့်ပြုပေးလို့ မရပါဘူး။ ပုံမှန်အားဖြင့် ကျွန်တော်က တည်ကန်ဘောတွေ ကနေ ဂိုးတွေ ပေးရတာကို မကြိုက်ပါဘူး။ ကျွန်တော်တို့က ဒုတိယပိုင်းမှာတော့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ အခွင့်အရေးတွေ များများစားစား မရခဲ့ပေမယ့် ရတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အာဆင်နယ်က အဆင့်(၁)အသင်းပါ။ ဒါကို ခင်ဗျားတို့တွေ ငြင်းလို့ မရပါဘူး။ သူတို့အသင်းရဲ့ ခြေစွမ်းကလည်း အရမ်းကို ကောင်းနေပါတယ်။ အရည်အသွေးပိုင်းကို ကြည့်လိုက်ရင် အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ပြောရင် မှားမယ် မထင်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။