MySport Myanmar

ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုပါ ခံယူထားပြီးပြီလို့ သတင်းထွက်နေတဲ့ ဖရန့်ကတ်ဆေး

အေစီမီလန်အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းမတိုးတော့တာကြောင့် သူပြောင်းရွှေ့လိုတဲ့ ကလပ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်တော့မှာဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ကတ်ဆေးကို ခေါ်ယူဖို့အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့အပြင် ဆေးစစ်မှုတွေပါ ခံယူထားပြီးပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit : Twitter

အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆေးဟာ ၂၀၁၇ခုနှစ်မှာ အတ္တလန်တာကနေ အေစီမီလန်အသင်းဆီကို (၂)ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အငှားစာချုပ်ပြည့်ချိန်မှာ မီလန်က ကတ်ဆေးကို အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မီလန်ရဲ့ အဓိကကျတဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကတ်ဆေးဟာ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး မီလန်ဘက်က သက်တမ်းတိုးဖို့ အကြိမ်ကြိမ် ကြိုးပမးခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့တာကြောင့် မီလန်အသင်းအနေနဲ့ လာမယ့်နွေမှာပဲ ကတ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Blaze Trends

ဒီလို အခြေအနေမှာ ကတ်ဆေးကို ကလပ်အသင်းများစွာကနေ ချဉ်းကပ်လာခဲ့ပြီး ဒီအသင်းတွေထဲကမှ ဘာစီလိုနာအသင်းက ကတ်ဆေးကို ခေါ်ယူဖို့ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ကတ်ဆေးအတွက် တစ်နှစ်လုပ်ခ ယူရို(၆.၅)သန်းအထိ ပေးချေသွားဖို့အတွက် နှုတ်အားနဲ့ သဘောတူညီမှု ရယူထားနိုင်တဲ့အပြင် ကစားသမားနဲ့လည်း (၄)နှစ်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဘောလုံးအပြောင်းအရွှေ့သတင်း အကျော်အမော်တစ်ဦးဖြစ်တဲ့ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ကတ်ဆေးဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုပါ ခံယူထားပြီးပြီလို့ ဖော်ပြထားပါတယ်။ ကတ်ဆေးနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြား တရားဝင် စာချုပ်ချုပ်ဆိုမှုတွေကိုတော့ လာမယ့် ရက်သတ္တပတ်အတွင်းလောက်မှာပဲ အပြီးသတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ကွင်းလယ်လူ ကတ်ဆေးဟာ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး သူရဲ့စီနီယာ ဘောလုံးသမားဘဝကို အီတလီ ဘောလုံးနယ်ပယ်မှာသာ ကျင်လည်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာလည်း သူရဲ့မီလန်အသင်းနဲ့အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Exit mobile version