ပရီးမီးယားလိဂ် စီးရီးအေ လာလီဂါနဲ့ လီဂူးဝမ်းက ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို သူရဲ့လက်ရှိကလပ် အေစီမီလန်အသင်းကနေ စာချုပ်သက်တမ်းတိုးဖို့အတွက် လုပ်ခလစာကိုပါ တိုးမြှင့်ကမ်းလှမ်းလာခဲ့ပေမယ့်လည်း ကစားသမားဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားပြီး ရာသီအကုန်မှာပဲ သူ့စိတ်ကြိုက် ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

Photo Credit : 90Min

အသက်(၂၄)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆေးဟာ မီလန်အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတာကြောင့် မီလန်ဘက်ကနေ သူတို့ကစားသမားကို သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီတစ်ကြိမ်ချိန်မှာလည်း တစ်နှစ်လုပ်ခ ယူရို(၆.၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်က ယူရို(၉)သန်းလောက်အထိကို အလိုရှိနေတာကြောင့် ဒီကမ်းလှမ်းချက်ကို ချက်ချင်းပယ်ချသွားခဲ့တယ်လို့ Sky Sports Italia ရဲ့ ကစားသမား အပြောင်းအရွှေ့သတင်း အကျော်အမော ဒီမာဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Bein Sports

လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းအပြောင်းအလဲ လုပ်နိုင်တဲ့ ကတ်ဆေးကို လက်ရှိမှာ ပီအက်စ်ဂျီ ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် အာဆင်နယ်တို့လို အသင်းတွေကနေ ခေါ်ယူသွားဖို့အတွက် အသီးသီး စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် ကတ်ဆေးက ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားဖြစ်တာကြောင့် လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ သူ့စိတ်ကြိုက် ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးနိုင်မှာဖြစ်ပြီး အကြိုသဘောတူညီမှုကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းရဲ့ စာချုပ်သက်တမ်းတိုး ကမ်းလှမ်းချက်တိုင်းကို ပယ်ချထားတဲ့ ကတ်ဆေးကို မီလန်ဘက်က ဆောင်းစျေးကွက်အတွင်းမှာပဲ Cut-price ဆိုတဲ့ ပြောင်းရွှေ့ကြေး အနည်းအကျဉ်းခန့်လောက်နဲ့ ရောင်းချသွားဖွယ် ရှိလို့နေပြီး ကွင်းလယ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ကလပ်အသင်းတွေ အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ လတ်တလောမှာလည်း ကတ်ဆေးဟာ နည်းပြသစ်ကွန်တီရဲ့ စပါးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေပါတယ်။