မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်က ယူနိုက်တက်အသင်းအတွက် သူခေါ်ဆောင်စေချင်တဲ့ ကစားသမားဟာ သူရဲ့သူငယ်ချင်းဖြစ်ခဲ့ဖူးတဲ့ မထင်မရှားကစားသမားလေး ဖရန်ဆစ်စကိုရာမို့စ်ဖြစ်တယ်လို့ ရွေးချယ်သွားခဲ့တာ ပရိသတ်တွေလည်း သိကြမယ်ထင်ပါတယ်။ ဒီလို ပြောဆိုပြီးနောက်ပိုင်းမှာ ဖရန်ဆစ်စကိုရာမို့စ်ကလည်း သူရဲ့သူငယ်ချင်း ဖာနန်ဒက်စ်ရဲ့ ထုတ်ဖော်ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြန်လည်တုန့်ပြန်စကားဆိုခဲ့ကာ သူတို့သူငယ်ချင်း(၂)ယောက်က ကာရိုက်တာချင်းလည်း ဆင်တူတယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွှယ် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်လာနိုင်ခဲ့ကာ အသင်းရဲ့ကွင်းလယ်မှာ အကောင်းဆုံးမောင်းနှင်နိုင်သူ ဖြစ်လာခဲ့ရပါတယ်။ ဖာနန်ဒက်စ်က သူအနေနဲ့ ယူနိုက်တက်အသင်းမှာ တွဲကစားဖို့ ကစားသမားတစ်ယောက်ကို အသင်းဆီ ရောက်လာစေချင်ပြီး သူကတော့ သူရဲ့သူငယ်ချင်းလည်းဖြစ် မထင်မရှား ကွင်းလယ်လူတစ်ယောက်လည်းဖြစ်တဲ့ ဖရန်ဆစ်စကိုရာမို့စ်ဖြစ်တယ်လို့ မကြာသေးခင်ကမှ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်နဲ့ နိုင်ငံရော အသက်ပါတူညီတဲ့ ရာမို့စ်က ပေါ်တူဂီကလပ် ဗစ်တိုးရီးယားဂွီမာရေ့စ်အသင်းသားတစ်ယောက်ဖြစ်ပြီး လက်ရှိတော့ ဆန်တာကလဲရာအသင်းမှာ အငှားနဲ့ ပါဝင်ကစားနေသူဖြစ်ပါတယ်။ ရာမို့စ်က “ကျွန်တော်နဲ့ ဘရူနိုတို့က အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပါ။ နေ့တိုင်းလည်း ကျွန်တော်တို့တွေ စကားပြောဆိုဖြစ်ခဲ့ကြပါတယ်။ သူရဲ့ထင်မြင်ချက်ပေါ်မှာလည်း ကျွန်တော့်သူ့ကို ကျေးဇူးတင်မိပါတယ်။ သူက ကျွန်တော့်အတွက် ဘာအခွင့်အရေးမှ ထပ်ပေးထားခြင်းမရှိပါဘူး။ သူနဲ့ကျွန်တော်တို့က အကျင့်စရိုက်ချင်းလည်း တူညီလို့နေပါတယ်။ ဒါပေမယ့် ဘရူနိုကတော့ အဆုံးသတ်ပိုင်းနဲ့ ဘောလုံးပေးပို့မှုအပိုင်းတွေမှာတော့ ပိုပြီးတိကျသေသပ်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပေါ်တူဂီလူငယ်အသင်းဆီမှာ ယူ-၁၆ကနေ ယူ-၂၃အသင်းဆီ တောက်လျှောက်ပါဝင်ကစားခဲ့ပေမယ့်လည်း သူ့သူငယ်ချင်း ဖာနန်ဒက်စ်လိုတော့ ပေါ်တူဂီလက်ရွေးစင်အသင်းမှာတော့ အခုထိ ရွေးချယ်ထားခြင်းမခံရသေးပါဘူး။