ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေထဲမှာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ Nation League Group 3 ပွဲစဥ် တစ်ပွဲဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ အဆိုပါ ပွဲစဉ်မှာ အနိုင်ရလဒ်ကို ဦးတည်ကာ ကစားခဲ့ကြပေမယ့် နှစ်ဖက်အသင်းရဲ့ ဂိုးသမားတွေ လက်စွမ်း ပြနိုင်ခဲ့ကြသလို နှစ်သင်းစလုံးဟာ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့တာကြောင့် သွင်းဂိုးတွေတော့ ထွက်ပေါ်လာခြင်း မရှိပါဘူး။ အဆိုပါ ပွဲစဥ် ပြီးဆုံးသွားချိန်မှာတော့ ပြင်သစ် ကွင်းလယ်အတွဲ ဖြစ်တဲ့ ပေါ့ဘာနဲ့ ကန်တီတို့ရဲ့ အတွဲဟာ မှတ်တမ်းသစ် တစ်ခုကို ရရှိခဲ့ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။

Photo Credit: Metro

အဆိုပါ မှတ်တမ်းကတော့ ပြင်သစ်အသင်း ဟာ ပေါ့ဘာနဲ့ကန်တီ ကွင်းလယ်အတွဲကို အသုံးပြုတဲ့ ပွဲစဉ်တိုင်းမှာ ရှုံးပွဲမရှိခဲ့ဘူး ဆိုတဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီနဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ရဲ့ အတွဲအဖက်ဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာ စတင် ကျော်ကြားလာတဲ့ ပြင်သစ် ကွင်းလယ်အတွဲ ဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာ ပေါ့ဘာနဲ့ ကန်တီဟာ အသင်းကို ချန်ပီယံဖြစ်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင် ကူညီခဲဲ့ကြပါတယ်။ မှတ်တမ်းတွေအရ ပြင်သစ်အသင်းဟာ ပေါ့ဘာနဲ့ ကန်တီ ကွင်းလယ်အတွဲကို ပွဲအစထဲက သုံးစွဲတဲ့ ပွဲတိုင်းမှာ ရှုံးပွဲမရှိသေးပဲ အခုဆိုရင် ရှုံးပွဲမရှိတဲ့ ပွဲဟာ စုစုပေါင်း ၂၅ပွဲ အထိ ရှိလာခဲ့ပါပြီ။

Photo Credit: Metro

လက်ရွေးစင်အသင်း ဆိုတာဟာ နိုင်ငံရဲ့ အကောင်းဆုံး ကစားသမားတွေကို စုစည်းထားတာ ဖြစ်တာကြောင့် လက်ရွေးစင်အသင်း အဆင့်မှာ ၂၅ပွဲအထိ ရှုံးပွဲမရှိအောင် ကစားဖို့ဟာ မလွယ်ကူပါဘူး။ ဒါ့အပြင် အဆိုပါ ၂၅ပွဲထဲမှာ ပြင်သစ်အသင်းဟာ ၁၉ပွဲအထိ အနိုင်ရခဲ့ပြီး ၆ပွဲသာ သရေကျခဲ့ကြောင်း သိရပါသေးတယ်။ ကန်တီနဲ့ ပေါ့ဘာတို့ဟာ မတူညီတဲ့ အားသာချက်တွေကို ပိုင်ဆိုင် ထားကြတဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်ပြီး ကန်တီဟာ လျင်လျင်မြန်မြန်နဲ့ ဘောလုံး လမ်းကြောင်းတွေကို တွက်ဆ ဖြတ်တောက်တတ်သူ တစ်ဦး ဖြစ်ကာ သူ့ရဲ့ အားနည်းချက် ကတော့ တိုက်စစ်လိုက်ပါမှု အပိုင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပေါ့ဘာဟာ တိုက်စစ်လိုက်ပါမှု အပိုင်းမှာ ကောင်းမွန်သူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ အားနည်းချက်ဟာ ခံစစ် စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဒီလို တစ်ဦးရဲ့ အားသာချက်တွေက တစ်ဦးရဲ့ အားနည်းချက်ကို ဖာထေး ပေးနိုင်တာကြောင့်ပဲ ပေါ့ဘာနဲ့ ကန်တီရဲ့ အတွဲအဖက်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် အတွဲအဖက်တွေထဲမှာ ပါဝင်နေတာလို့ ယူဆမိပါတယ် ခင်ဗျာ…။