ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးက သူတို့အသင်းရဲ့ ဗဟိုခံစစ်မှူး ဖိုဖာနာအတွက် ချယ်လ်ဆီးရဲ့ ပေါင် ၆၀သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာ အဓိက ဗဟိုခံစစ်မှူး ၂ဦး ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို ဆုံးရှုံးထားရတဲ့ ချယ်လ်ဆီးက သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ဗဟိုခံစစ်မှူး ၂ဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာတော့ သူတို့က ဆီနီဂေါ ဗဟိုခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် ချယ်လ်ဆီးက နောက်ထပ် ဗဟိုခံစစ်မှူး တဦးကိုသာ ထပ်မံ ခေါ်ယူဖို့ လိုအပ်တော့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လက်ကျန် ဗဟိုခံစစ် တနေရာစာ အတွက် ပရီးမီယားလိဂ် အတွေ့အကြုံလည်းရှိ အသက်အရွယ်လည်း ငယ်သေးတဲ့ လက်စတာ ဗဟိုခံစစ်မှူး ဖိုဖာနာကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားကြပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက ဖိုဖာနာကို ခေါ်ယူနိုင်ဖို့ လက်စတာ စီးတီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို ဖိုဖာနာနဲ့လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရအောင် ကြိုးပမ်းနေပြီး လက်စတာ စီးတီးကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဖိုဖာနာ အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်မှ မရရင် ဖိုဖာနာကို မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဖိုဖာနာကို ပေါင် ၆၀သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပေမယ့် လက်စတာဘက်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ဆိုသလို ပယ်ချသွားခဲ့ပြီး ချယ်လ်ဆီးဟာ ဖိုဖာနာ အတွက် နောက်ထပ်တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း လက်စတာ စီးတီးဟာ ဖိုဖာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း အထိ လိုချင်နေပြီး ချယ်လ်ဆီးက မကြာခင်မှာပဲ ဖိုဖာနာကို ပေါင် ၇၀သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို ဖိုဖာနာကိုလည်း တပတ် လုပ်ခလစာ ပေါင် ၂သိန်းနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားကြောင်း ဖော်ပြထားပါသေးတယ်။