ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လူငယ် ကစားသမား ဘဝထဲက ကစားခဲ့တဲ့ နယ်သာလန် နောက်ခံလူ ဖိုဆူမန်ဆက် ကတော့ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် နောက်ခံလူ ဖိုဆူမန်ဆက်ဟာ အသက် ၁၆နှစ် အရွယ် ကတည်းက နယ်သာလန် ကလပ် အေဂျက်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဖိုဆူမန်ဆက်ဟာ အသက် ၁၈နှစ် အရွယ်ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စတင် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာ ရရှိခဲ့တာကြောင့် လုံလောက်တဲ့ ပွဲကစားခွင့်တော့ မရခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ဘဝမှာ ဖိုဆူမန်ဆက်ဟာ ခရစ္စတယ် ပဲလေ့စ် ၊ ဖူလ်ဟမ် စတဲ့ အသင်းတွေကို အငှားနဲ့ ထွက်ကစားခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေကြောင့် အဆိုပါ နှစ်သင်းလုံးမှာလည်း ပွဲထွက်ခွင့် တစ်နေရာကို မရခဲ့ပါဘူး။ လက်ရှိမှာတော့ ဖိုဆူမန်ဆက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့သူ ဖြစ်ပေမယ့် သူဟာ ရာသီကုန်မှာထက် ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာတော့မှာပါ။

Photo Credit: Metro

ဂျာမန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဖိုဆူမန်ဆက်ဟာ ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လေဗာကူဆင် အသင်းထံ ၃နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီး လေဗာကူဆင် အသင်းဟာ ဖိုဆူမန်ဆက် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁.၅သန်း ပေးချေရမှာ ဖြစ်ကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဖိုဆူမန်ဆက်ရဲ့ သတင်းအပေါ် အတည်ပြု ပေးထားပြီး မန်ဆက်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ လေဗာကူဆင်အသင်းထံ တရားဝင် ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖိုဆူမန်ဆက်ဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။