တချိန်က ပရီးမီးယားလိဂ် အသင်းအတော်များများမှာ နံပါတ်တစ် ဂိုးသမား တဦး အဖြစ် ကစားခဲ့ဖူးတဲ့ ဝါရင့် ဂိုးသမားကြီး ဘင် ဖော်စတာ ကတော့ ယခုနှစ် ဘောလုံးရာသီ အစကမှ ရှက်ဖီးလ် ယူနိုက်တက် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ထံ ပြောင်းရွှေ့ ကစားခဲ့ပြီး အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းပြနေတဲ့ အင်္ဂလန် ဂိုးသမား ရမ်စဒယ်ဟာ ကမ္ဘာ့အဆင့် ဂိုးသမား တဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက်နဲ့အတူ အကောင်းမွန်ဆုံး လက်စွမ်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့ပြီး ရှက်ဖီးလ် ယူနိုက်တက်ဟာ တန်းဆင်းသွားခဲ့ရပေမယ့် သူ့ရဲ့ လက်စွမ်းတွေက ပရိသတ်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေ ကြားထဲမှာ ပြောစရာ တခု အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

Photo Credit: Fot Mob

ရှက်ဖီးလ် ယူနိုက်တက်နဲ့အတူ ပြသခဲ့တဲ့ လက်စွမ်းတွေကြောင့်ပဲ အာဆင်နယ်ဟာ ရမ်စဒယ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၈သန်း ပေးချေကာ ယခုနှစ် ဘောလုံးရာသီ အစမှာပဲ အမိအရ ခေါ်ယူခဲ့တာ ဖြစ်ပြီး ရမ်စဒယ်ကိုလည်း ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ရမ်စဒယ်ကလည်း သူဟာ ဂိုးသမား တဦး အတွက် ဆိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးလို့ ပြောရမယ့် ယူရို ၂၈သန်းနဲ့ ထိုက်တန်တဲ့ ဂိုးသမား တဦး ဆိုတာကို အာဆင်နယ်ထံ စတင် ရောက်ရှိချိန်ကတည်းက သက်သေပြနိုင်ခဲ့ပြီး အာဆင်နယ်အတွက် ယခုနှစ် ဘောလုံးရာသီမှာ ၂၃ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၂၀ဂိုးသာ ခွင့်ပြုခဲ့ရကာ ပေးဂိုးမဲ့တဲ့ပွဲ ၁၃ပွဲ အထိ စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

ရမ်စဒယ်ဟာ လျင်မြန်သလို လျှပ်တပြတ် ဆုံးဖြတ်ချက်တွေလည်း ကောင်းမွန်တဲ့ ဂိုးသမား တဦး ဖြစ်ပြီး အဝေးဘော ပေးပို့မှုတွေလည်း တိကျလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ ဖော်စတာက ရမ်စဒယ်ဟာ မော်ဒန် ဂိုးသမား တဦးမှာ ရှိရမယ့် အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဂိုးသမား တဦး ဖြစ်ကြောင်း ချီးကျူးခဲ့တာပါ။

ဖော်စတာက – “အခုခေတ် ဂိုးသမားတွေနဲ့ ကျွန်တော်တို့ခေတ်က ဂိုးသမားတွေမှာ ကွဲပြားမှုတွေ အတော်လေးကို ရှိပါတယ်။ ပြီးတော့ ခေတ်နှစ်ခေတ် မတူညီတာကြောင့် ဂိုးသမားတွေမှာ ရှိရမယ့် အရည်အချင်းတွေ ၊ စံနှုန်းတွေကလည်း ကွဲပြားပါတယ်။ ဂိုးသမား တဦးက သာမန် ဂိုးသမားလား ၊ ဒါမှမဟုတ် အတော်အတန် ကောင်းတဲ့ ဂိုးသမားလား ၊ ကမ္ဘာ့အဆင့် ဂိုးသမားလား ဆိုပြီး ခွဲခြားဖို့ကလည်း ပိုပြီး လွယ်ကူလာတယ်လို့ မြင်ပါတယ်။ အခုချိန်မှာ ကမ္ဘာ့အဆင့် ဂိုးသမား တယောက်ကို ပြပါ ဆိုရင်တော့ ကျွန်တော်က ရမ်စဒယ်ကိုပဲ ပြရမှာပါ။ သူက သူဟာ ကမ္ဘာ့အဆင့် ဂိုးသမား တယောက် ဖြစ်တယ် ဆိုတဲ့ အချက်ကို သက်သေပြထားနိုင်ပါတယ်။ သူက ကာကွယ်မှုတွေ လုပ်နိုင်တယ်။ နောက်တန်းတွေ အပေါ် လွှမ်းမိုးနိုင်တယ်။ ပြီးတော့ နောက်တန်း ကနေ ဘောလုံးပေးပို့မှုတွေလည်း လုပ်နိုင်တယ်။ သူ အမှားလုပ်မိတယ် ဆိုတာကလည်း အတော်လေးကို ရှားပါတယ်။ ပြီးတော့ သူက ခေါင်းဆောင်နိုင်စွမ်းလည်း ရှိသူပါ” လို့ ထုတ်ဖော် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။