မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်သလို လက်ရှိမှာလည်း ယူနိုက်တက် ယူ-၂၃အသင်းရဲ့ နည်းပြအဖြစ်ပါ ဆောင်ရွှက်လျက်ရှိနေတဲ့ တောင်အဖေရိက လက်ရွေးစင်ဟောင်း ကွင်တန်ဖော်ကျွန်းက သူရဲ့အသင်းဖော်ဟောင်းဆိုးလ်ရှား လက်ရှိတာဝန်ယူ ဆောင်ရွက်နေတဲ့ ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးကို ရယူနိုင်ဖို့ကို ရည်ရွယ်ထားပြီး တစ်နေ့မှာ သူရဲ့ရည်မှန်းချက်တွေ ပြည့်ဝလာလိမ့်မယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

Photo Credit : BBC

ကွင်းလယ်ကစားသမားဟောင်းဖော်ကျွန်းဟာ ယူနိုက်တက်အသင်းကို ၁၉၉၉ခုနှစ်က စပိန်လာလီဂါဘက်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)နှစ်လက်တွဲခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ(၁)ကြိမ် ဖြစ်ခဲ့ပါတယ်။ အသင်းနဲ့ ပြိုင်ပွဲစုံ(၇၆)ပွဲအထိ ပါဝင်ကစားဖြစ်ခဲ့တဲ့ ဖော်ကျွန်းဟာ ၂၀၁၀ခုနှစ်မှာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ဆောင်ရင်း ၂၀၁၄ခုနှစ်မှာလည်း ကာဒစ်လူငယ်အသင်းရဲ့ လက်ထောက်နည်းပြရာထူးကို ခန့်အပ်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ဖော်ကျွန်းဟာ ယူနိုက်တက်ယူ-၂၃အသင်းရဲ့ နည်းပြအဖြစ်နဲ့ တာဝန်ယူလို့နေပါတယ်။

Photo Credit : ESPN

ဖော်ကျွန်းက “ကျွန်တော်အဖြစ်ချင်ဆုံး အရာတစ်ခုကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြတစ်ဦးပါပဲ။ မနေ့က ဒီမေးခွန်းကို အမေးခံလိုက်ရချိန် ကျွန်တော့်ခေါင်းထဲကို ပထမဆုံးရောက်လာတာလည်း ဒီအဖြေပဲ။ ဒါက ကျွန်တော်ရဲ့အိမ်မက်တစ်ခုပဲလေ။ သေချာတာပေါ့ဗျာ။ အခုလည်း ကျွန်တော် ယူနိုက်တက် ယူ-၂၃အသင်းကို နည်းပြရင်းနဲ့ နည်းပြအတတ်ပညာတွေကို အများကြီးသင်ယူနေပါတယ်။ ဒီထက်မက အများကြီးကိုလည်း ကျွန်တော်သင်ယူချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်ခေတ် ဘောလုံးပွဲတွေမှာက နည်းစနစ်တွေ အပြောင်းအလဲဖြစ်တာ များလွန်းလို့ပါ။ ကျွန်တော်ဒီကနေ ထွက်ခွာပြီး နည်းပြကောင်းတစ်ယောက်ဖြစ်လာဖို့ အခြားအသင်းတစ်သင်းမှာ သွားရောက်သင်ယူရင် သင်ယူဖြစ်မယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကူးအိမ်မက်ကတော့ ဒီကိုပြန်လာပြီး ယူနိုက်တက်ရဲ့ နည်းပြတစ်ယောက်အဖြစ် ဆောင်ရွှက်နိုင်ဖို့ပါပဲ။ အမြင့်ဆုံးအဆင့်ထိရောက်အောင် အသင်းကို ကျွန်တော်တွန်းပို့ပေးချင်တယ်” လို့ သူရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။